ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာအနီးတွင် မီးရှို့သတ်ခံရသည့် ရဲဘော်နှစ်ဦးပုံအား ပုံမှားရိုက်အလှူခံခြင်းမျိုး အလွဲသုံးစားမလုပ်ကြရန် YDFဆို

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာအနီးတွင် မီးရှို့သတ်ခံရသည့် ရဲဘော်နှစ်ဦးပုံအား ပုံမှားရိုက်အလှူခံခြင်းမျိုး အလွဲသုံးစားမလုပ်ကြရန် YDFဆို
ဖေဖော်ဝါရီ 7, 2024 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာအနီးတွင် မီးရှို့သတ်ခံရသည့် ယောကာကွယ်ရေးတပ်(YDF) ရဲဘော်(၂)ဦးမှာ ရဲဘော်ဖိုးတေနှင့် ရဲဘော်သားထောင်တို့ဖြစ်ပြီး ၎င်းတို့ပုံအား အသုံးချကာ ပုံမှားရိုက် အလှူခံခြင်းမျိုး  အလွဲသုံးစားမလုပ်ကြရန် YDFက ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် အသိပေးထုတ်ပြန်သည်။

အဆိုပါရဲဘော်(၂)ဦးသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့က Alliance Operationတွင် တာဝန်ထမ်းဆောင် စဉ် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဖမ်းဆီးရမိသွားရာက မြောက်ခင်ရန်းရွာမြောက်အထွက် ဆေးရုံရှေ့ ကုက္ကိုလ်ပင်တွင် မီးရှို့သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ရဲဘော်(၂)ဦးအား မသတ်ခင်တွင် အကြိမ်ကြိမ်ညှင်းပန်းနှိပ်စက်မှုများစွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ပြုလုပ်ခဲ့ကြပြီး ရွာအတွင်းရှိ လူများကိုခေါ်ကာ အကြမ်းဖက်မှုအား ကြည့်ရှုခိုင်းခဲ့သည်ဟု ဆိုသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့ မြောက်ခင်ရန်းကျေးရွာရှိ စစ်ကောင်စီတပ် ပူးပေါင်းပျူစောထီးတပ်များကို YDF၊ YPDF၊ CNA၊ CDF-KKG ၊ နဂါးညီနောင်ပကဖ၊ ယောညီနောင် ပကဖ ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။  

ကျဆုံးရဲဘော်(၂)ဦးကို လေးစားသောအားဖြင့် ရဲဘော်တို့၏ပုံများကိုအသုံးချပြီး ပုံမှားရိုက်အလှူခံခြင်းမျိုး အလွဲသုံးစားမလုပ်ကြရန် YDF က တိုက်တွန်းထားသည်။

#TachileikNewsAgency