စစ်ကောင်စီမှ ရွေးကောက်ပွဲအကြိုပြင်ဆင်မှုများ ဆက်လက်လုပ်ဆောင်နေ 

စစ်ကောင်စီမှ ရွေးကောက်ပွဲအကြိုပြင်ဆင်မှုများ ဆက်လက်လုပ်ဆောင်နေ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲကို တနိုင်ငံလုံး အတိုင်းအတာနှင့် မလုပ်နိုင်တောင် အပိုင်းအလိုက် လုပ်ဆောင်မည်ဟု ပြောဆိုထားပြီး စစ်ကောင်စီမှ နိုင်ငံအနှံ့တွင် ရွေးကောက်ပွဲအကြိုပြင်ဆင်မှုများ ဖြည်းဖြည်းမှန်မှန် ဆက်လက်လုပ်ဆောင်နေသည်။

မဲစာရင်းအတွက် ရည်ရွယ်သည်ဆိုသည့် စစ်ကောင်စီမှပြုလုပ်နေသည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာလှုပ်ရှားမှုအဖြစ် မြေပြင်ကွင်းဆင်းရေးဆွဲမှုအရ မြန်မာပြည်အနှံ့တွင် သန်းခေါင်စာရင်းယူနစ်(Census Unit) ၈၀,၀၀၀ ခန့်ရှိပြီး စာရင်းကောက်ကွက်ပေါင်း ၁၁ဝ,ဝဝဝ ခန့် ရှိနိုင်ကာ သန်းခေါင်စာရင်း ကောက်ယူရန် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂,၀၀၀ ခန့် လျာထားကြောင်း သိရသည်။

ရှမ်းပြည်နယ်တွင် သန်းခေါင်စာရင်းယူနစ် ၁၈၀၀ ခန့်ကို ကောက်ကွက်ပေါင်း ၁၂,၀၀ ကျော်နှင့် ဖွဲ့စည်းပြီး စာရင်းစစ်၊ စာရင်းကောက် ၅၀၀၀ ခန့်နှင့်ကောက်ယူရန် ပြင်ထားကြောင်း စစ်ကောင်စီ လဝကဝန်ကြီး မြင့်ကြိုင်၏ ၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆိုင်ရာတွေ့ဆုံပွဲတွင် ပြောဆိုမှုကို ကိုးကား၍ Burma Affairs & Conflict Study အဖွဲ့၏ အချက်အလက်ကောက်ယူမှုအရသိရသည်။

မေလအတွင်း စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် လူဦးရေစာရင်းများဆိုင်ရာ အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် ရွေးကောက်ပွဲကော်မရှင်၊ စစ်ကောင်စီခန့် e-Government ဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ် ရေးဆွဲခဲ့ကာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လအထိ ကောက်ယူရရှိထားသည့် အခြေခံလူဦးရေစာရင်းများကို ဆာဗာအတွင်း ထည့်သွင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိ မြေပြင် စာရင်းကောက်ယူရေးကော်မတီက ပေးပို့ထားသည့် (၁၈)နှစ်ပြည့်ပြီး လူဦးရေစာရင်းများကို မြို့နယ်အဆင့် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်နှင့် ဗဟိုမဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်တို့ကို အသုံးပြုပြီး မြို့နယ်အလိုက် စာရင်းထည့်သွင်းခြင်း၊ မဲရုံခွဲခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်နေကြောင်း BACS အဖွဲ့၏ အချက်အလက်ကောက်ယူမှုအရသိရသည်။

မေလ (၁၈) ရက်နေ့မှ မေလ (၂၄) ရက်အတွင်း စစ်ကောင်စီ၏ လဝက အပါအဝင် လက်အောက်ခံ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်၊ e-ID၊ ဇီဝအချက်အလက်စသည့် ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုပေါင်း (၂၃) ကြိမ်ကို ပြုလုပ်ခဲ့ပြီး ပန်းခင်းစီမံချက် အဆင့် (၃)လှုပ်ရှားမှု (၁၃) ကြိမ်နှင့် ဇီဝအချက်အလက်ကောက်ယူမှု (၁၀) ကြိမ် ရှိခဲ့ကာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လှုပ်ရှားမှုအများဆုံး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီမှပြုလုပ်သည့် ရွေးကောက်ပွဲအား ပါဝင်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားပြီးသည့် နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုများအနေဖြင့် နိုင်ငံတဝန်းတွင် မေလ နောက်ဆုံးအပတ်၌ USDP ပါတီက လှုပ်ရှားမှုပေါင်း (၁၉) ကြိမ်နှင့် လှုပ်ရှားမှုအများဆုံး ပါတီဖြစ်ခဲ့ပြီး PPP ပါတီ က (၇) ကြိမ်နှင့် ဒုတိယ အများဆုံး ရှိကြောင်းသိရသည်။ 

စစ်တပ်ကျောထောက်နောက်ခံပြု USDPမှ ရန်ကုန်တိုင်းတွင် အများဆုံး လှုပ်ရှားမှုရှိခဲ့ပြီး PPP မှ ဧရာဝတီနှင့် မန္တလေးတိုင်းတို့တွင် လှုပ်ရှားမှုဆောင်ရွက်ခဲ့ကာ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ -UPUP မှလည်း ၎င်းတို့ ဌာနချုပ်အခြေစိုက်ရာ ပဲခူးတိုင်းအတွင်းမှာသာ လှုပ်ရှားခဲ့ကြောင်း သိရှိရသည်။ 

ရှမ်းနီ TNDP က ကချင်ပြည်တွင် လှုပ်ရှားမှု (၁) ကြိမ်ခန့် ရှိခဲ့ပြီး ဦးကိုကိုကြီး၏ ပြည်သူ့ပါတီ PP မှာ ရန်ကုန်တိုင်းအတွင်း၌သာ လှုပ်ရှားခဲ့ကာ ၊ လှုပ်ရှားမှုအမျိုးအစားများအနေဖြင့် ပါတီတွင်းစည်းရုံးရေးနှင့် လူထုစည်းရုံးရေးကအများဆုံးဖြစ်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးက ဒုတိယအများဆုံး ဖြစ်ကာ ပါတီချင်းတွေ့ဆုံပွဲနှင့် စစ်ကောင်စီနှင့် ဆက်ဆံပူးပေါင်းမှုတို့ (၁)ကြိမ်စီ ရှိခဲ့ကြောင်းသိရသည်။

BACS အဖွဲ့သည် စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲအကြို ပြင်ဆင်မှုများ ၊ စစ်ကောင်စီ လက်အောက်ခံ နိုင်ငံရေးပါတီများ၏ အထွေထွေလှုပ်ရှားမှုများနှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို သတင်းမီဒီယာများ ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ ၊ စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများ ၊ ဝက်ဘ်ဆိုက်များမှတဆင့် စောင့်ကြည့်လေ့လာနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: BACS