ဆီဆိုင်မြို့နယ် နောင်ရင်းရွာသူကြီးအသတ်ခံရပြီးနောက် မိသားစုပိုင်ကုန်တင်ကားပါ ထပ်မံသိမ်းဆည်းခံရ

ဆီဆိုင်မြို့နယ် နောင်ရင်းရွာသူကြီးအသတ်ခံရပြီးနောက် မိသားစုပိုင်ကုန်တင်ကားပါ ထပ်မံသိမ်းဆည်းခံရ

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်ကြီးလယ်အဖွဲ့က ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာ ရွာသူကြီး ခွန်ဇာခွန် နှင့် ညီဖြစ်သူ ခွန်ပလွန်ကို သတ်ဖြတ်ခဲ့ပြီးနောက် ခွန်ဇာခွန်မိသားစုပိုင်ဆိုင်သည့် ကုန်တင်ကားကိုလည်း ထပ်မံသိမ်းဆည်းသွားကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) သတင်းပြန်ကြားရေးက ယနေ့ ၂၀၂၄ ခုနှစ် မေလ (၁၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နောင်ရင်းကျေးရွာ၏ ရွာသူကြီးနှင့် ညီဖြစ်သူတို့ မေလ (၁၀)ရက်နေ့တွင် အသတ်ခံရပြီနောက် နောက်တစ်နေ့ မေလ (၁၁)ရက်နေ့ ညပိုင်းတွင် ခွန်ဇာခွန်သည် စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ကို ထောက်ပံ့သည်ဟု စွပ်စွဲကာ မိသားစုပိုင်ကုန်တင်ကားကို ထပ်မံလာရောက် သိမ်းဆည်းသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ခွန်ဇာခွန်သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) သာမက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တို့နှင့် မည်သည့် ပတ်သက်မှုမျှမရှိကြောင်း PNLOမှ ဆိုသည်။

ခွန်ဇာခွန်သည် ရွာသူရွာသားများမှ ကျေးရွာသူကြီးအဖြစ် မဲပေးရွေးချယ်ထားသည့် လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ရပ်ရွာအတွင်း လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲခြင်းမရှိစေရေး၊ ရပ်ရွာတိုးတက်ရေးနှင့် စစ်ဘေးရှောင်များအား အကူအညီပေးရေးတို့ကို ဦးဆောင်နေသူ တစ်ဦးဖြစ်ကြောင်းသိရသည်။

နောင်ရင်းရွာသူကြီး ခွန်ဇာခွန် နှင့် ညီဖြစ်သူ ခွန်ပလွန်တို့ကို မေလ (၉)ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာအတွက် ဆွေးနွေးစရာရှိသည်ဟု လိမ်လည်ခေါ်ဆောင်ကာ ဖမ်းဆီးသတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း PNLAက သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency