စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် ICC ရှေ့နေချုပ်က ICC သို့ တောင်းဆိုခြင်းအပေါ် ကြိုဆိုကြောင်းနှင့် အဆိုပါ ဖြစ်ထွန်းမှုသည် မြန်မာ့တပ်မတော်အပါအဝင် မြန်မာနိုင်ငံအရေးနှင့် ပက်သက်ပြီး ပြုပြင်ပြောင်းလဲရန် အရေးပေါ် လိုအပ်လျှက်ရှိသည်ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ကြောင်း NUG ၊ KNU ၊ KNPP နှင့် CNF တို့က ပူးတွဲကြေညာချက်တစောင် ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့တွင် ထုတ်ပြန်သည်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး ICC တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုခံရခြင်းသည် မြန်မာ့တပ်မတော်သမိုင်းတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတရားခံအဖြစ် နိုင်ငံတကာ တရားရုံးတစ်ခု၏ ဖမ်းဝရမ်းထုတ်ရန် ပထမဆုံး လျှောက်ထားခြင်းခံခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်အပါအဝင် မြန်မာနိုင်ငံ၏ လုံခြုံရေးစနစ် ၊ တရားရေးစနစ် ၊ နိုင်ငံရေးစနစ် ပြုပြုပြောင်းလဲရန် အရေးပေါ်လိုအပ်ရှိသည်ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ကြောင်း ပူးတွဲကြေညာချက်အရ သိရသည်။
စစ်ခေါင်းဆောင်နှင့် ပတ်သက်ဆက်စပ်သူအားလုံးမှာ ပျက်စီးဆုံးရှုံးမှုများကိုသာ ရင်ဆိုင်ကြုံတွေ့မည်ဖြစ်သဖြင့် စစ်တပ်အတွင်းရှိ တပ်မတော်သားအားလုံးအနေဖြင့် တပ်မတော်အား လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုအတွက် တာဝန်ရှိသူ မင်းအောင်လှိုင်လက်ထဲမှ ပြန်လည်ကယ်တင်ရန် ၊ ပြည်သူလူထုလိုလားသော ၊ နိုင်ငံရေးနှင့် ပက်သတ်မှုမရှိသော ၊ ပြည်သူလူထုကို အကာအကွယ်ပေးသော အကျိုးပြုတပ်မတော်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီ အခြေခံမူများနှင့်အညီ လုံခြုံရေး ကဏ္ဍအသစ်ကို ဆောင်ရွက်ကြရန် ဖိတ်ခေါ်သည်ဟု NUG ၊ KNU ၊ KNPP နှင့် CNF တို့က ဆိုသည်။
ထို့အပြင် လူသားမျိုးနွယ်အပေါ် ကျူးလွန်ရော ရာဇဝတ်မှုတရားခံအဖြစ် ဝရမ်းထုတ်ခံရမည့် စစ်ခေါင်းဆောင်က ဦးစီးကျင်းပမည့် ရွေးကောက်ပွဲသည် မည်သည့်နည်းနှင့်မျှ တရားဝင်ခြင်းမရှိဘဲ ၊ သမိုင်းအမှောင်လမ်းထဲသို့ တိုး၍ မိုက်တွင်းနက်ခြင်းသာဖြစ်ကာ စစ်တပ်အတွက်သာမက တိုင်းပြည်အတွက်ပါ နိုင်ငံရေးထွက်ပေါက် လုံးဝဖြစ်လာမည်မဟုတ်ဟု ဆိုသည်။
အိမ်နီးချင်းနိုင်ငံများ ၊ အာဆီယံ ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝန်းသည်လည်း စစ်ခေါင်းဆောင်က ဦးဆောင်လျှက်ရှိသည့် စစ်အုပ်စုနှင့် ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်နေသော ဆက်ဆံရေးများကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ဖြစ်ပွားခြင်းကို အားပေးသည့် အခြေအနေ မဖြစ်ပေါ်စေရေးအတွက် သတိမူကြရန် လိုအပ်လာပြီဟု ဆိုသည်။
လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုဖြင့် ဖမ်းဝရမ်းထုတ်ခံရမည့် တရားခံအား နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး ၊ အလားတူ မြန်မာပြည်သူလူထုအပေါ် ကျူးလွန်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကိုလည်း ဖော်ထုတ်ပြီး နိုင်ငံတကာ ဥပဒေများနှင့်အညီ ICC ၊ ICJ စသည့် နိုင်ငံတကာ တရားစီရင်ရေးယန္တရားများမှတဆင့် တာဝန်ယူမှု ၊ တာဝန်ခံမှုရှိစေရေးအတွက် အရှိန်မြှင့် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ပူးတွဲကြေညာချက်အရ သိရသည်။
စစ်ရာဇဝတ်မှု ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကြောင့် နစ်နာခဲ့ ၊ နစ်နာနေရသည့် တိုင်းရင်းသားပြည်သူများနှင့် အနာဂတ်ပြည်ထောင်စုတွင် စစ်တပ်၏ အဖန်တလဲလဲ အာဏာသိမ်းယူမှုများ မဖြစ်ပေါ်ရေးကို ရည်ရွယ်သည့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ဖော်ဆောင်ရေးမှာ NUG ၊ KNU ၊ KNPP နှင့် CNF တို့၏ မမှိတ်မသုန်ထားရှိသော ကတိကဝတ်ဖြစ်ကြောင်း အသိပေးထားသည်။
ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် စစ်ခေါင်းမင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)၏ ရှေ့နေချုပ် Karim AA Khanက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၇) ရက်နေ့တွင် လျှောက်ထားခဲ့ခြင်းဖြစ်သည်။
#TachileikNewsAgency
Photo:KNU