ရှမ်းမြောက်နှင့် မိုးကုတ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံး

ရှမ်းမြောက်နှင့် မိုးကုတ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မိုးကုတ်တွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့မှ ယနေ့ ဇူလိုင်လ (၁၈)ရက်နေ့အထိ (၄)ရက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၁၈)ဦး သေဆုံးပြီး (၁၉)ဦး ဒဏ်ရာရရှိသည်ဟု TNLA ထံမှ သိရသည်။

ယနေ့ ဇူလိုင် (၁၈)ရက်နေ့တွင် မိုးကုတ်မြို့အရှေ့ပိုင်း ကုန်းမြင့်သာယာ၊ မင်းတံတားရပ်၊ ဖောင်တော်ဦးဘုရား၊ ဟက်ဖလားရပ်နှင့် မြို့မရပ်ကွက်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မယ်သီလရှင် (၃)ပါး အပါအဝင် အရပ်သား (၉)ဦး သေဆုံးပြီး (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။

ယမန့်နေ့ (၁၇)ရက်နေ့တွင် ကျောက်မဲမြို့ ခိုမုန်းသစ်စက်ဝန်းတွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၃)ဦး ပွဲချင်းပြီးသေဆုံးခဲ့သည့်အပြင် လားရှိုးမြို့ ရပ်ကွက် (၁)တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ‌ဒေသခံ (၃)ဦး သေဆုံးသည်ဟု သိရသည်။

ထို့အပြင် မိုးကုတ်ညောင်လေးပင်တွင်လည်း လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။

ဇူလိုင်လ(၁၆)ရက်နေ့တွင် စစ်ကောင်စီတပ်မှ အတွဲလိုက်ဒုံးပစ်ခတ်မှုကြောင့် မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်အုပ်စု ပန်းမချယ်ရီရပ်ကွက်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ပွားရာ ရပ်ကွက်ရှိ အရပ်သား (၂)ဦး သေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဇူလိုင်လ (၁၅)ရက်နေ့တွင်လည်း ကျောက်မဲမြို့တွင် စစ်ကောင်စီမှ လက်နက်ကြီးဆက်တိုက်ပစ်ခတ်မှုကြောင့် အရပ်သား (၁)ဦး သေဆုံးသွားပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တစ်ဖက်သတ်အပစ်ရပ်ရန် ညွှန်ထားသည့် (၄) ရက်အတွင်းတွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ကား(၃)စီး မီးလောင်ခဲ့ပြီး နေအိမ် (၁၅)လုံးထက်မနည်း ထိခိုက်ပျက်စီးသည်ဟု သိရသည်။

ယမန်နေ့ ည(၁၀)နာရီဝန်းကျင်အချိန်မှစပြီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ကျောက်မဲမြို့အရှေ့ဖက် နတ်ရေကန်၊ နမ့်တုံအပေါ်ရွာနှင့် နတ်တောင်ဖက်ခြမ်း၊ ဇောတိကုန်းရွာ၊ နမ့်ဟူးတောင်အထက်၊ ပန်ပေါင်းရပ်နှင့် အေရှားဝေါတိုးဂိတ်တို့တွင် စုစုပေါင်း အကြိမ်(၄၀)ထက်မနည်း ပစ်ခတ်ခဲ့သည်ဟုလည်း ဆိုသည်။

တိုက်ပွဲ (၂၄) ရက်အတွင်း စစ်ကောင်စီမှ အရပ်သားများတည်ရှိရာကို ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားစုစုပေါင်း (၉၄)ဦး သေဆုံးပြီး (၁၃၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News