ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စီးလာသည့်ကားကို စစ်ကောင်စီ ပစ်ခတ်သဖြင့် ဆရာတော်ပျံလွန်တော်မူ

ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စီးလာသည့်ကားကို စစ်ကောင်စီ ပစ်ခတ်သဖြင့် ဆရာတော်ပျံလွန်တော်မူ

ပဲခူးတိုင်း ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်မှ နာယကဆရာတော် လိုက်ပါလာသည့်ကားကို စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် ဆရာတော် ပျံလွန်တော်မူသွားကြောင်း သိရသည်။

ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၁၉)ရက်နေ့ နံနက်ပိုင်းက မန္တလေးသို့ လေကြောင်းမှ ကြွလာပြီး တံတားဦးလေဆိပ်အထွက်တွင် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသလိုက်ပါသော ကားကို စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

"ကားက အိမ်စီးကားနဲ့ လာကြိုတာ။ ဆွမ်းစားချိန်နီးလို့ မြန်မြန်မောင်းလာတာပေါ့။ စစ်ကောင်စီတပ်က မသင်္ကာလို့ရပ်ခိုင်းတယ်။ အဲဒါမမြင်ဘဲနဲ့ ယာဉ်မောင်းက ဆက်မောင်းလို့ဆိုပြီး လိုက်ပစ်ကြတာ။"ဟု ဆရာတော်ကြီး၏ ဒါယိကာတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဆရာတော်မှာ သေနတ်ကျည်ထိမှန်ဒဏ်ရာဖြင့် ပျံလွန်တော်မူသွားပြီး ယာဉ်မောင်းလည်း ဒဏ်ရာရသည်ဟု ဆိုသည်။

"မန္တလေးမြို့မှာလုပ်မယ့် ရွှေကျင်သံဃာ့အစည်းအဝေးသွားတက်တာ။ ဆရာတော်ကြီးက သက်တော်(၇၇)နှစ်အရွယ်ရှိပြီ။ ကားပေါ်မှာပဲ ပျံလွန်တော်မူသွားတယ်။"ဟု ဒါယိကာတစ်ဦးက ပြောသည်။

ဒဏ်ရာရသူထဲတွင် အခြားဆရာတော်တစ်ပါးလည်းပါဝင်ပြီး ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။

လက်ရှိတွင် ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်နေကြောင်း သိရသည်။

ဆရာတော်ကြီးသည် သဂြိုဟ်ရှင်းတမ်း၊ ရူပသိဒ္ဓိရှင်းတမ်း စသည့် ရှင်းတမ်းကျမ်းများ ပြုစုခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: အရှင် ပညာစာရ ကြခတ်ဝိုင်း