စစ်ကောင်စီမှပြုလုပ်ရန် စီစဉ်နေသည့် ရွေးကောက်ပွဲသည် ပြည်သူများ၏ ဆန္ဒနှင့် မကိုက်ညီဘဲ ပြည်သူများက လုံးဝလက်ခံမည် မဟုတ်ကြောင်း နိုင်ငံတကာအား သံအမတ်ကြီး ဦးကျော်မိုးထွန်း အသိပေး

စစ်ကောင်စီမှပြုလုပ်ရန် စီစဉ်နေသည့် ရွေးကောက်ပွဲသည် ပြည်သူများ၏ ဆန္ဒနှင့် မကိုက်ညီဘဲ ပြည်သူများက လုံးဝလက်ခံမည် မဟုတ်ကြောင်း နိုင်ငံတကာအား သံအမတ်ကြီး ဦးကျော်မိုးထွန်း အသိပေး

စစ်ကောင်စီမှ ပြုလုပ်ရန် စီစဉ်နေသည့် ရွေးကောက်ပွဲသည် ပြည်သူများ၏ ဆန္ဒနှင့် မကိုက်ညီသကဲ့သို့ ပြည်သူများက လုံးဝလက်ခံမည် မဟုတ်ကြောင်း (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် အထွေထွေ ဆွေးနွေးမှု အစီအစဉ်တွင် နိုင်ငံတကာအား သံအမတ်ကြီး ဦးကျော်မိုးထွန်းက အသိပေး ပြောဆိုသည်။

မြန်မာပြည်သူများသည် နာကျင်စရာကောင်းသော အတွေ့အကြုံများဖြင့် ပြည့်နှက်နေကြရပြီး၊ ပြဿနာ၏ အရင်းခံဖြစ်သည့် စစ်အာဏာရှင်အပြီးတိုင် ချုပ်ငြိမ်းရေးကို မဆောင်ရွက်နိုင်လျင် ယင်းပဋိပက္ခအကျပ်အတည်းမှာ ကြာရှည်စေမည်ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။

စစ်ကောင်စီမှပြုလုပ်ရန် စီစဉ်နေသည့် အတုအယောင်ရွေးကောက်ပွဲသည် ပြည်သူများ၏ ဆန္ဒနှင့် မကိုက်ညီသကဲ့သို့ ပြည်သူများက လုံးဝ လက်ခံမည် မဟုတ်ပါကြောင်းနှင့် နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့်လည်း ပြည်သူများ၏အသံကို နားထောင်ပြီး စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရန်လိုမည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် (၃)နှစ်ခွဲကျော် ကာလအတွင်း လူသားများ ခံစားရမှု၊ နေရပ်စွန့်ခွာမှုများ များပြားလာမှု၊ စီးပွားရေးချို့တဲ့မှု၊ ငွေရေးကြေးရေး မခိုင်မာမှု၊ လူမှုရေး ဆုတ်ယုတ်မှုများ အားလုံး ဖြစ်ပေါ်စေခဲ့သည့် အဓိကအကြောင်းအရင်း ဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်များ ဖြစ်သည်မှာ အားလုံးအသိ ဖြစ်သည်ဟုလည်း ဆိုသည်။

စစ်တပ်မှ မတရား အာဏာသိမ်းယူခဲ့သည့် (၃)နှစ်နှင့်  (၉)လ အတွင်း ရေရှည်ဖွံ့ဖြိုးမှုရည်မှန်းချက်၏ အဓိကမဏ္ဍိုင် (၃)ရပ်လုံးမှာ ပျက်စီးဆုံးရှုံးခဲ့ပြီး ဆင်းရဲမွဲတေမှုပပျောက်ရေး ၊ စားနပ်ရိက္ခာ လုံလောက်မှု ၊ ကျန်းမာရေးစောင့်ရှောက်မှု ၊ ပညာရေး ၊ ကျား-မ တန်းတူ ညီမျှရေး ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးခြင်း ၊ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးတို့နှင့်ပက်သက်ပြီး ဆောင်ရွက်ဖော်ဆောင်နိုင်ရန် စစ်ကောင်စီသည် အဟန့်အတားဖြစ်၍နေကြောင်း သံအမတ်ကြီးက နိုင်ငံတကာအား အသိပေးပြောဆိုသည်။

စစ်ကောင်စီမှ တရားဥပဒေစိုးမိုးမှု၊ ဒီမိုကရေစီနှင့် တာဝန်ယူမှု တာဝန်ခံမှု အဖွဲ့အစည်းများကို ဖျက်ဆီးခဲ့ပြီး နိုင်ငံဖြတ်ကျော်မှုခင်းများ ပြုလုပ်နိုင်ရန် အခြေအနေများ ဖန်တီးပေး၍ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများ အပါအဝင် အကြမ်းဖက်ရက်စက်မှုများကို နေ့စဉ်ကျူးလွန် နေချိန်တွင် ရည်မှန်းချက် (၁၆)ချက်ဖြစ်သော အားလုံးပါဝင်သည့် ငြိမ်းချမ်းသော လူမှုအဖွဲ့အစည်းများ တည်ဆောက်ရေးကို လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း သံအမတ်ကြီးက မေးခွန်းထုတ်၍ အသိပေးပြောဆိုသည်။

နိုင်ငံတကာအသိုက်အဝန်းမှလည်း ထိရောက်သည့် ချိတ်ဆက်မှုရှိသော အရေးယူမှုများ ချက်ချင်း ပြုလုပ်ရန် အချိန်ကျရောက်နေပြီဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ပြည်သူများ၏ အသက်များ ဆုံးရှုံးမှု ထပ်မံဖြစ်ပွားမှုကို လက်မခံနိုင်သကဲ့သို့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်စွာ အကောင်အထည်ဖော်ရေးတွင် ဆုတ်ယုတ်မှုများ ထပ်မံ ဖြစ်ပေါ်မှုကိုလက်မခံနိုင်ကြောင်း သံအမတ်ကြီးက နိုင်ငံတကာအား တိုက်တွန်းပြောဆိုခဲ့သည်။

#TachileikNewsAgency

Photo: Permanent Mission of Myanmar to the United Nations