မြိုင်မြို့နယ်တွင် ကြံ့ဖွံ့ပါတီ မဲရှုံးအမတ်လောင်း၏ နေအိမ်ကို မြို့ပြပြောက်ကျားအဖွဲ့က ဝင်စီး၊ လက်နက်သာ သိမ်းဆည်းရရှိ လူမမိ 

မြိုင်မြို့နယ်တွင် ကြံ့ဖွံ့ပါတီ မဲရှုံးအမတ်လောင်း၏ နေအိမ်ကို မြို့ပြပြောက်ကျားအဖွဲ့က ဝင်စီး၊ လက်နက်သာ သိမ်းဆည်းရရှိ လူမမိ 
ဧပြီ 10, 2022 | အခြားဒေသများ

 မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အရှေ့ညောင်တွင်းရွာရှိ မဲရှုံးကြံ့ဖွံ့အမတ် ဦးဇော်ဝင်းနေအိမ်ကို လက်နက်ထားရှိမှု သတင်းအရ ဧပြီလ(၉)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်းခဲ့ရာ သေနတ်တစ်လက်သိမ်းဆည်းရမိခဲ့ပြီး ဦးဇော်ဝင်းမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ (ပခုက္ကူ)က သတင်းထုတ်ပြန်ထားသည်။

ဇော်ဝင်းသည် ကျေးရွာဒေသခံများ အပေါ် လက်နက်အင်အား၊ လူအင်အားဖြင့် အုပ်စုဖွဲ့အနိုင်ကျင့် ခြိမ်းခြောက်ခြင်း၊ အာဏာသိမ်းစစ် ကောင်စီအတွက် သတင်းပေးလုပ်ခြင်း၊ စိုက်ပျိုးစားရိတ် ချေးငွေများကို ကြံ့ဖွံ့ပါတီကို ထောက်ခံသူများကိုသာ ချပေးခြင်းတို့ကြောင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကြံ့ဖွံ့ပါတီဝင် ဦးဇော်ဝင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် မြိုင်မြို့နယ်၏ မဲဆန္ဒနယ် အမှတ်(၂)  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူဖြစ်သော်လည်း NLD ကိုယ်စားလှယ် ဦးဝင်းဌေးကို မဲအပြတ်အသတ်ဖြင့် ရှုံးနှိမ့်ခဲ့သူ ဖြစ်သည်။



    

"ကျွန်ုပ်တို့သည် စစ်ကောင်စီကိုတွန်းလှန်ရာတွင် အနီးဆုံးရန်သူဖြစ်သော ပျူဒလန်များ၊ လက်အောက်ခံ ရာထူးကြီးဝန်ထမ်း(non CDM)များနှင့် စကစခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများကို အရင်ဖယ်ထုတ်ရပါသည်။ သတင်းကွင်းဆက်ပြတ်သွားချိန် စကစ ထောက်တိုင်ကျိုးသွားချိန်မှ အမာဖြစ်သော စကစ အင်အားစုများကို တိုက်ခိုက်ပါမည်။"ဟု ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ရေးအရှိန် အထူးမြှင့်တင်တော့မည်ဖြစ်သဖြင့် ပြည်သူများမလိုအပ်ပဲ အပြင်မထွက်ကြပါရန် မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency