စစ်ကိုင်းတိုင်း အင်းတော်မြို့ကို သိမ်းနိုင်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ၂၀၂၅ ခုနှစ် ဧပြီလ (၈)ရက်နေ့တွင် ကြေညာသည်။
အင်းတော်မြို့သိမ်းတိုက်ပွဲသည် (၈)လကျော်ကြာပြီးနောက် ဧပြီလ (၇)ရက်နေ့ ညပိုင်းတွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်များ စစ်ကူမရရှိခြင်း၊ မြေပြင်မှ လက်နက်ရိက္ခာထောက်ပို့ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ထိခိုက်သေဆုံးမှု များပြားခြင်းတို့ကြောင့် စစ်ကောင်စီ၏ နောက်ဆုံးအခြေပြု ဂျပန်လှိုဏ်ဂူမှ တပ်မမှူးဦးဆောင်သော အဖွဲ့သည် ဧပြီလ(၇)ရက် ည(၉)နာရီခန့်တွင် စခန်းစွန့်လွှတ် ဆုတ်ခွာသွားခြင်းဖြစ်သည်ဟု ဆိုသည်။
အင်းတော်မြို့သည် စစ်ကောင်စီ၏ တပ်မ (၇၇)ရှေ့တန်းဌာနချုပ် အခြေပြုရာမြို့ဖြစ်ပြီး တပ်မမှူးကိုယ်တိုင် ကွပ်ကဲသည်ဟု သိရသည်။
မြို့သိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာ (၂)လက်၊ (၁၂၀) မမ (၂)လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းများ သိမ်းပိုက်ရရှိကြောင်း သိရသည်။
အင်းတော်မြို့သိမ်းစစ်ဆင်ရေးကို ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF)တပ်ရင်းများ၊ ကျောင်းသားတပ်မတော် (ABSDF)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
#TachileikNewsAgency
Photo:NUG