တီးတိန်မြို့နယ် အပ်လွယ်ရွာတွင် အာဏာသိမ်းစစ်တပ်မှ တပ်ဖွဲ့ဝင်  (၃)ဦးက  တစ်လခွဲအရွယ်ကလေးငယ်၏ မိခင်ဖြစ်သူကို ခင်ပွန်းရှေ့တွင် အဓမ္မပြုကျင့်

တီးတိန်မြို့နယ် အပ်လွယ်ရွာတွင် အာဏာသိမ်းစစ်တပ်မှ တပ်ဖွဲ့ဝင်  (၃)ဦးက  တစ်လခွဲအရွယ်ကလေးငယ်၏ မိခင်ဖြစ်သူကို ခင်ပွန်းရှေ့တွင် အဓမ္မပြုကျင့်
နိုဝင်ဘာ 14, 2021 | အခြားဒေသများ
By Tachileik News Agency

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာ ( Aklui khua)တွင် အာဏာသိမ်းတပ်ဖွဲ့ဝင် (၃) ဦးက ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့ ညပိုင်းတွင် နေအိမ်တစ်လုံးကို သေနတ်ဖြင့်ခြိမ်းခြောက်ဝင်စီးပြီး  တစ်လခွဲအရွယ် ကလေးငယ်၏မိခင်ဖြစ်သူကို ခင်ပွန်းဖြစ်သူရှေ့တွင် အဓမ္မကျင့်ကာ လက်ဝတ်လက်စားများလည်း ချွတ်ယူသွားကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်ကို CDM Siyin ( CDF-KKG တပ်ရင်း ၂) က စုံစမ်းစစ်ဆေးပြီး နိုဝင်ဘာလ (၁၄) ရက်နေ့တွင် သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

ယခုဖြစ်စဉ်သည် ချင်းတမျိုးသားလုံးကို စော်ကားသည့် ဖြစ်စဉ်ဖြစ်ကာ မိမိတို့ချင်းအမျိုးသမီးများကို ထိပါးနှောင့်ယှက်စော်ကားခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကို ပြင်းထန်စွာ ရှုံ့ချပါသည်။ စစ်ပွဲအတွင်း အမျိုးသမီးများကို ပစ်မှတ်ထားပြီး အနိုင်ကျင့်စော်ကားမှု ပြုလုပ်နေသော အကြမ်းဖက်မုဒိမ်းစစ်တပ်၏ လုပ်ရပ်အတွက် ပြန်လည်လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။

ဟု CDM Siyin ( CDF-KKG တပ်ရင်း ၂)၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အပ်လွယ်ကျေးရွာတွင် နိုဝင်ဘာလ (၁၁)ရက်နေ့က အာဏာသိမ်းစစ်တပ်မှ တပ်ဖွဲ့ဝင် (၃) ဦးသည် ည (၁၁)နာရီဝန်းကျင်တွင် ရောက်လာပြီး အိမ်ရှင်အမျိုးသားဖြစ်သူကို ရေချိုးခန်းသို့ခေါ်သွားကာ ခေါင်းမဖေါ်စေဘဲ ဝပ်ခိုင်းထားပြီး ခေါင်းထောင်သည်နှင့် ကြွေပန်းကန်များဖြင့် ရိုက်ပေါက်ခြင်း၊ သေနတ်ဒင်ဖြင့် ထုခြင်းဖြင့် ခြိမ်းခြောက်ထားကာ အိမ်ရှင်၏ဇနီး အသက် (၂၇)နှစ်အရွယ် အမျိုးသမီးကို မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အာဏာသိမ်းတပ်ဖွဲ့ဝင် (၃) ဦးအနက် (၂)ဦးက ည (၁၂) နာရီအချိန်တွင် နေအိမ်သို့ ထပ်မံရောက်ရှိကာ အိမ်ရှင်အမျိုးသမီးကို ဒုတိယအကြိမ် အဓမ္မပြုကျင့်သည့်အပြင် လက်ဝတ်လက်စားများကိုပါ ချွတ်ယူသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မုဒိမ်းမှုကျူးလွန်သည့် အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့ဝင်များအမည်ကို  CDM Siyin ( CDF-KKG တပ်ရင်း ၂)  က စုံစမ်းစစ်ဆေးနေပြီး နစ်နာခဲ့သူ ကာယကံရှင် မိသားစုကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်း နိုဝင်ဘာလ (၁၄) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါကျေးရွာတွင် အောက်တိုဘာလ (၃၀)ရက်နေ့ကလည်း အာဏာသိမ်းတပ် ဖြတ်သွားစဉ် ကျေးလက်ကျန်းမာရေးအဆောက်အဦအပါအဝင် သော့ခတ်ထားသည့် အိမ်များကို ဖေါက်ခဲ့ကြသည့်ဖြစ်စဉ်လည်း ဖြစ်ဖူးကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦးက နိုဝင်ဘာလ (၇)ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ဖာခတ်ကျေးရွာ၌ ခြံစောင့်အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့မှုကြောင့် တိုင်ကြားခဲ့ရာ အာဏာသိမ်းတပ်က အဆိုပါတပ်သားအား အရေးယူမည်ဟု နိုဝင်ဘာလ (၁၁)ရက်နေ့က သတင်းထုတ်ပြန်ထားခဲ့သည်။

လက်ရှိတွင်လည်း  အာဏာသိမ်းစစ်တပ်သည် တီးတိန်မြို့နယ် သိုင်းငင်းတွင် တပ်စွဲထားသဖြင့် ဒေသခံများမှာ စိုးရိမ်နေကြကြောင်း သိရသည်။