မန္တလေးတွင် မြန်မာအမျိုးသမီးများအား တရုတ်နိုင်ငံသားများနှင့်လက်ထပ်ရန် လူကုန်ကူးသူများကို ဖမ်းဆီးရမိ

မန္တလေးတွင် မြန်မာအမျိုးသမီးများအား တရုတ်နိုင်ငံသားများနှင့်လက်ထပ်ရန် လူကုန်ကူးသူများကို ဖမ်းဆီးရမိ

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်တွင် မြန်မာအမျိုးသမီးများအား တရုတ်နိုင်ငံသားများနှင့် လက်ထပ်ရန် လူကုန်ကူးသူများအား ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့က ထိုင်းနိုင်ငံ Suvarnabhumi လေဆိပ်သို့ MAI လေကြောင်းလိုင်းဖြင့်ထွက်ခွာမည့် တရုတ်နိုင်ငံသား ကောင်းဖိန်းရင်နှင့် မြန်မာအမျိုးသမီးငယ်(၃)ဦးအား ခေါ်ယူစစ်ဆေးရာက အဆိုပါအမျိုးသမီးငယ်(၃)ဦးမှာ လူမှုကွန်ရက် Facebookနှင့် TikTok များကိုအသုံးပြုဆက်သွယ်၍ တရုတ်နိုင်ငံသို့ တရုတ်နိုင်ငံသားများနှင့် လက်ထပ်ရန် စည်းရုံးခေါ်ဆောင်ခံရသူများဖြစ်ကြောင်း သိရှိရသည်ဟု ဆို သည်။

၎င်းတို့အပြင် လူကုန်ကူးရန်စည်းရုံးခံထားရသူ အခြားအမျိုးသမီးငယ် (၁၁)ဦးကိုလည်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (၆၄) ဒီလမ်း၊ (၁၁၅ x ၁၁၆)လမ်းကြားရှိ လူကုန်ကူးသူများ ငှားရမ်းထားသောနေအိမ်တွင်ပင် စုစည်းထားကြောင်း ထုတ်ဖော်ပြောဆိုသည်ဟု သိရသည်။

အဆိုပါ အမျိုးသမီးငယ်(၁၁)ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့ကို စစ်ဆေးချက်များအရ တရုတ်အမျိုးသားများနှင့် လက်ထပ်ရန်အတွက် စည်းရုံးသူ ဒေါ်နန်းဆိုင်ခမ်း(ခ)မားမား ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဒေါ်နန်းဆိုင်ခမ်း(ခ)မားမားသည် ယခင်က ရွှေလီမြို့ရှိ တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီတွင် မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများနှင့်လက်ထပ်ယူရန် ပို့ဆောင်ပေးခဲ့ပြီးနောက် တရုတ်နိုင်ငံသားနှင့် လက်ထပ်မည့် မိန်းကလေးများ ထပ်မံရှာဖွေရန် Wechat Group မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းမှ လူပွဲစား မမေထက်နိုင်ဦး(ခ)မထက်၊ မောင်ချစ်ထူး၊ မဖြိုးဖြိုးဝေတို့အား ချိတ်ဆက်ခဲ့ကြောင်း သိရသည်။

၎င်းတို့သည် မန္တလေးမြို့၌ အခြေချနေထိုင်ရန် (၈၆)လမ်း၊ ကန်တော်ကြီးပတ်လမ်းအနီးရှိ (၃)ထပ်တိုက်တစ်လုံးနှင့် ပြည်ကြီးတံခွန်မြို့နယ် (၆၄)ဒီလမ်း၊ (၁၁၅ x ၁၁၆)လမ်းကြားရှိ နေအိမ်တို့ကို ငှားရမ်းခဲ့ကာ အမျိုးသမီးငယ်များ စုစည်းထိန်းချုပ်၍ လူကုန်ကူးမှုလုပ်ငန်း များလုပ်ဆောင်ခဲ့ကြောင်း သိရသည်။  

ထို့နောက် တရုတ်နိုင်ငံသားနှင့်လက်ထပ်မည့် မြန်မာအမျိုးသမီးများအား စည်းရုံးရှာဖွေရန်အတွက် မမေထက်နိုင်ဦး (မထက်)၊ ချစ်ထူးနှင့် ၎င်း၏ဇနီးဖြစ်သူ မဖြိုးဖြိုးဝေတို့က Online မှ စည်းရုံးရှာဖွေစုဆောင်းပြီး ငှားရမ်းထားသည့် နေအိမ်သို့ပို့ဆောင်ခြင်း၊ မဇင်သူခိုင်အား စောင့်ကြည့်စေခြင်း၊ ၎င်းအမျိုးသမီးငယ်များအတွက် နိုင်ငံကူးလက်မှတ်နှင့် လက်ထပ်ဗီဇာပြုလုပ်ပေးခြင်းတို့ကို ဒေါ်နန်းဆိုင်ခမ်း(ခ)မားမား၏ စီစဉ်မှုဖြင့် ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမျိုးသမီးငယ်များနှင့် လက်ထပ်မည့် တရုတ်နိုင်ငံသား ကောင်းဖိန်းရင်၊ တရုတ်နိုင်ငံသား LIN JIAN နှင့်အတူ တရုတ်နိုင်ငံမှ မန္တလေးမြို့သို့လာရောက်သည့် ၎င်း၏မိခင် LI MANFEN တို့အား မြန်မာနိုင်ငံသို့ လာရောက်ရန်အတွက်လည်း ဒေါ်နန်းဆိုင်ခမ်း(ခ)မားမား က စီစဉ်ပေးခဲ့သည်ဟုလည်း သိရသည်။ 

တရုတ်နိုင်ငံသားနှင့်လက်ထပ်ရန် စည်းရုံးခံရသူများကို ယခင်က နယ်စပ်ဒေသမှတစ်ဆင့် ပို့ဆောင်ရာက လက်ရှိတွင် ပြည်ပနိုင်ငံတစ်ခုဖြစ်သော ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့ကြောင့် မြန်မာအမျိုးသမီးများအား လူကုန်ကူးသူများဖြစ်သည့် ဒေါ်နန်းဆိုင်ခမ်း(ခ)မားမား (ဖမ်းဆီးရမိ)၊ မမေထက်နိုင်ဦး(ခ)မထက် (တိမ်းရှောင်)၊ မဇင်သူခိုင် (တိမ်းရှောင်)၊ ချစ်ထူး(ဖမ်းဆီးရမိ)၊ မဖြိုးဖြိုးဝေ(ဖမ်းဆီးရမိ)၊ တရုတ်နိုင်ငံသား ကောင်းဖိန်းရင် (ဖမ်းဆီးရမိ)၊ တရုတ်နိုင်ငံသား LIN JIAN နှင့် ၎င်း၏မိခင်ဖြစ်သူ LI MANFEN (ဖမ်းဆီးရမိ)တို့ (၈)ဦးကို အမှုဖွင့်အရေးယူထားသည်ဟု ဆိုသည်။

၎င်းတို့အား တံတားဦးမြို့နယ် လေဆိပ်နယ်မြေရဲစခန်းမှ (ပ)၂၃/၂၀၂၄၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က)/၄၄ ဖြင့်လည်းကောင်း၊ တံတားဦးမြို့နယ် လေဆိပ်နယ်မြေရဲစခန်း (ပ) ၂၄/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့်လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ) ၂၆၀/၂၀၂၄၊ လူကုန်ကူး မှုတားဆီး နှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့်လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့မ ရဲစခန်း (ပ) ၂၆၁/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/ ၄၄ ဖြင့် လည်းကောင်း အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။

#TachileikNewsAgency