ဖာပွန်ခရိုင်တွင် KNU နှင့် ပစ်ခတ်တိုက်ခိုက်မှုနှစ်ကြိမ်အတွင်း စစ်ကောင်စီတပ်ဘက်မှ (၄)ဦီးသေ၊ စစ်ကား (၂)စီးပျက်စီး
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် မေလ (၂၉) ရက်နေ့တွင် KNU က (၂) ကြိမ်ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ (၄) ဦးသေပြီး စစ်ကား (၂) စီး မီးလောင်ဆုံးရှုံးသည်ဟု KNU က သတင်းထုတ်ပြန်သည်။
ဖာပွန်ခရိုင်၊ ကူးဆပ်ကျေးရွာဘက်သို့ တပ်ဖွဲ့ဝင်များနှင့် ရိက္ခာများပို့ဆောင်ပြီး ပြန်လာသည့် စစ်ကား (၁၁) စီးပါယာဉ်တန်းကို ကူးဆိပ်ကျေးရွာနှင့် မေထာကျေးရွာကြားတွင် KNU တပ်မဟာ (၅) တပ်ဖွဲ့က နံနက် (၇) နာရီဝန်းကျင်တွင် (၁) ကြိမ်၊ မွန်းလွဲပိုင်းတွင် (၁) ကြိမ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် မေလ (၂၈) ရက်နေ့ နံနက် (၉) နာရီဝန်းကျင်ကလည်း ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ ခေးပူဒေသအတွင်းရှိ တပ်စခန်းများသို့ ရိက္ခာသွားပို့သည့် စစ်ကောင်စီတပ်များ မူကေထာနှင့် ကော်ထယ်ဒဲကြား ချောင်းဖြတ်ကူးစဉ် KNU တပ်မဟာ (၅) တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ (၂) ဦး သေဆုံးခဲ့သည်ဟု သိရသည်။
KNU ၏ KNLA တပ်မဟာ ၅ နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ကြား မေလအတွင်း တိုက်ပွဲပေါင်း (၁၉၃) ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၁၂၈) ဦးသေဆုံးကာ (၁၈၀) ဦး ထိခိုက်ဒဏ်ရာရခဲ့သည့်အပြင် ရိက္ခာပို့ မြင်း (၁၂) ကောင် သေဆုံးပြီး စစ်ကား (၉) စီးလည်းပျက်စီးခဲ့သည်ဟု KNU က သတင်းထုတ်ပြန်သည်။