ပုလောမြို့နယ် မီးလောင်ချောင်းကျေးရွာရှိ ပျူစောထီးစခန်းအား တော်လှန်ရေးအင်အားစုများ ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေး

ပုလောမြို့နယ် မီးလောင်ချောင်းကျေးရွာရှိ ပျူစောထီးစခန်းအား တော်လှန်ရေးအင်အားစုများ ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေး

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ် မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီနှင့်ပျူစောထီး ပူးပေါင်းထိုင်သည့် စခန်းအား တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) တပ်ရင်းထံမှ သိရသည်။

ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီနှင့်ပျူစောထီး ပူးပေါင်းထိုင်သည့် စခန်းအား ယနေ့ ၂၀၂၄ခုနှစ် သြဂုတ်လ (၈) ရက်နေ့ နံနက် (၆) နာရီဝန်းကျင်တွင် တော်လှန်ရေးအင်အားစုများမှ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု (၂)နာရီခန့် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီမှ ထိခိုက်မှုများစွာဖြင့် စခန်းစွန့်ခွာထွက်ပြေးခဲ့ခြင်းဖြစ်ပြီး ၊ မီးလောင်ချောင်းကျေးရွာအတွင်းရှိ စစ်ကောင်စီ ခံစစ်နေရာများနှင့် စာသင်ကျောင်းအတွင်း တည်ဆောက်ထားသည့် ဘန်ကာများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြိတ်ခရိုင် ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁)တပ်ရင်းက ဆိုသည်။

တိုက်ပွဲအတွင်း ပိတ်မိနေသည့် ပြည်သူများအားလည်း တော်လှန်ရေးအင်အားစုများမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)တပ်ရင်း(၇)၊ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)နှင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency