တော်လှန်ရေးအင်အားစုများစုပေါင်းပြီး တော်လှန်ရေးအောင်ပွဲရယူရန် အချိန်အခါကောင်းဖြစ်သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ရှုမြင်သုံးသပ်သည်ဟု ထုတ်ပြန်သည်။
ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ပထမအပတ်တွင်းပြုလုပ်သည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)၏ နှစ်ပတ်လည်အစည်းအဝေးတွင် ယင်းသို့ ရှု့မြင်သုံးသပ်သည်ဟု ထုတ်ပြန်ထားသည်။
ဖိအားအမျိုးမျိုးကြားမှ ရုန်းကန်နိုးထကြရသော တော်လှန်ရေးအင်အားစုအသီးသီးတို့သည် နိုင်ငံတဝှမ်းနယ်မြေ ဒေသအသီးသီးတို့တွင် ဘုံရန်သူကို ထိုးစစ်ဆင်တော်လှန်နေကြသဖြင့် စစ်ကောင်စီသည် သမိုင်းတွင်သည့် ကျရှုံးမှုများနှင့် ဆက်တိုက်ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများအားလုံး စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးရှိန်ကို အမြင့်ဆုံးလွှင့်တင်ကာ တော်လှန်ရေးအောင်ပွဲရယူရန် အချိန်ခါကောင်းဖြစ်သည်ဟု အစည်းအဝေးကြီးက ရှုမြင်သုံးသပ်သည်ဟု ဖော်ပြသည်။
TNLA အနေဖြင့်လည်း ဒေသခံမိဘပြည်သူများပါဝင်နိုင်မည့် လူထုအစိုးရ အမြန်ဆုံးပေါ်ပေါက်လာရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
မြန်မာစစ်အာဏာရှင်စနစ်ဆိုးအား ချေမှုန်းတိုက်ခိုက်နေသည့် တော်လှန်ရေးအင်အားစုများ ဆွေးနွေးသုံးသပ်ခြင်း ၊ တပ်မဟာ(၉)ခုအဖြစ် တိုးချဲ့ပြင်ဆင်ခြင်းနှင့် မြို့(၁၈)မြို့နယ်ပါဝင်သည့် ခရိုင်(၅)ခုကိုလည်း ပြင်ဆင်စုဖွဲ့ သဘောတူခဲ့ကြသည်ဟု သိရသည်။
အစည်းအဝေးကို ဗဟိုကော်မတီဝင်များအပါအဝင် လူဦးရေ(၁၇၃)ဦးတက်ရောက်ခဲ့ပြီး ဇန်နဝါရီလ(၃)ရက်နေ့မှ (၇)ရက်နေ့အထိ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
#TachileikNewsAgency
#TNA_MAT
Photo: PSLF/TNLA News