မြိတ်မှ တနင်္သာရီမြို့နယ်ဖက်ကိုတက်လာသည့် စစ်ကောင်စီယာဉ်တန်းအား တစ်နေ့တည်း လေးကြိမ်မိုင်းဆွဲတိုက်ခိုက်

မြိတ်မှ တနင်္သာရီမြို့နယ်ဖက်ကိုတက်လာသည့် စစ်ကောင်စီယာဉ်တန်းအား တစ်နေ့တည်း လေးကြိမ်မိုင်းဆွဲတိုက်ခိုက်

တနင်္သာရီတိုင်း၊ မြိတ်မြို့မှ တနင်္သာရီမြို့နယ်ဖက်ကိုတက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းအား တနင်္သာရီမြို့နယ် ပကဖ က တစ်နေ့တည်း လေးကြိမ်မိုင်းဆွဲတိုက်ခိုက်ကြောင်း သိရသည်။

တနင်္သာရီမြို့နယ် ပကဖ သတင်းနှင့်ပြန်ကြားရေးမှ ၂၀၂၄ ခုနှစ် မေလ (၂၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြိတ်မြို့နယ် တုန်းဗျောကြီးရွာ စစ်ကောင်စီစခန်းမှ လသာရွာဖက်သို့ လမ်းကင်းလာသည့် စစ်ကောင်စီအဖွဲ့အား  အင်းဝတံတားအနီးတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ၂၀၂၄ခုနှစ် မေလ (၂၀) ရက်နေ့ နံနက် (၆)နာရီခွဲခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖမှ သတင်းထုတ်ပြန်သည်။

မေလ (၂၀)ရက်နေ့တွင်ပင် နံနက် (၁၁) နာရီခွဲခန့်၌ မြိတ်မှ တနင်္သာရီဖက်ကိုတက်လာသည့် စစ်ကောင်စီ ရိက္ခာယာဉ်တန်းအား မြိတ်မြို့နယ် လသာရွာအနီး ရဲသေတောင်တွင် ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထို့နောက် နံနက် (၁၁) နာရီ (၅၅)မိနစ်ခန့်တွင် တနင်္သာရီမြို့နယ် ကမ်းတိုရွာအနီး စစ်ကောင်စီ ရိက္ခာယာဉ်တန်းကို ပူးပေါင်းအဖွဲ့မှ ထပ်မံ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နေ့လယ် (၁၂) နာရီခန့်တွင် ဘန်းလမွတ်ရွာအနီးတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖမှဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖက်မှ ကားနှစ်စီးထိခိုက်ခဲ့ပြီးပြီး စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုကို စိစစ်နေဆဲဖြစ်ကာ ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုများကို တနင်္သာရီမြို့နယ် ပကဖ၊ တနင်္သာရီရိုးမအဖွဲ့(ဇုန် ၃)၊ တောဗုံးကြီးအဖွဲ့(ဇုန် ၅)နှင့် ပုလော ပကဖ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ တနင်္သာရီမြို့နယ်အတွင်း နှစ်ဖက် စစ်ရေးတင်းမာလျှက်ရှိကြောင်း သိရသည်။

#TachileikNewsAgency