စစ်တောင်းတံတားအသစ် (မုပ္ပလင်) ဘက်မှ မော်လမြိုင်ဘက်သို့ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

စစ်တောင်းတံတားအသစ် (မုပ္ပလင်) ဘက်မှ မော်လမြိုင်ဘက်သို့ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

မွန်ပြည်နယ် စစ်တောင်းတံတားအသစ် (မုပ္ပလင်) ဘက်မှ မော်လမြိုင်ဘက်သို့ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်တောင်းတံတားအသစ် (မုပ္ပလင်) ဘက်မှ မော်လမြိုင်ဘက်သို့ ထွက်လာသည့် ယာဉ် (၇)စီးပါ စစ်ကောင်စီယာဉ်တန်းအား စက်တင်ဘာလ (၁၈) ရက်နေ့ နေ့လယ် (၂) နာရီခွဲဝန်းကျင်၌ မုပ္ပလင်နှင့် အင်္ဂဘိုကြား လမ်းခုလတ်တွင် တော်လှန်ရေးအင်အားစုများက RPG၊ ၄၀ မမ၊ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၃)ဦး သေဆုံးခဲ့ပြီး (၂၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး ခြေသလုံးတွင် ဗုံးသီးအစစင် ရှပ်ထိဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် သေမင်းတမာန် အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)မှ စစ်ရေးပစ်မှတ်များအား တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအပေါ် ထိခိုက်နစ်နာစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများ ပြုလုပ်ခြင်း မရှိကြောင်း အသိပေးထားသည်။

#TachileikNewsAgency