သပိတ်ကျင်းမြို့နယ်ရှိ တွင်းငယ်ရဲစခန်းနှင့် တကောင်းတောင်ပေါ်  ရဲကင်းစခန်းတို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

သပိတ်ကျင်းမြို့နယ်ရှိ တွင်းငယ်ရဲစခန်းနှင့် တကောင်းတောင်ပေါ်  ရဲကင်းစခန်းတို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ တွင်းငယ်ရွာရဲစခန်းနှင့် တကောင်းတောင်ပေါ်ရှိ ရဲကင်းစခန်းတို့အား တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း အမှတ်(၁)စစ်ဒေသထံမှ သိရသည်။

ရဲအင်အား (၉)ဦးရှိသည့်  တွင်းငယ်ရွာရဲစခန်းအား ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့တွင် မန္တလေးတိုင်း တာဝန်ခံရုံးမှ ကွပ်ကဲ၍ အမှတ် (၅၀၉)တပ်ရင်း၊ KIA၊ KPDF၊ ABSDF နှင့် သပိတ်ကျင်းမြို့နယ် ပကဖ တို့က တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ (၄)ဦးသေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရကာ (၂)ဦးကို ဖမ်းဆီးရမိပြီး (၂)ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ထံမှ လက်နက်ငယ် (၉)လက်၊ ကျည်မျိုးစုံ (၁၁၀၃)တောင့်၊ လက်ပစ်ဗုံး (၅)လုံး၊ ကျည်အိမ် (၁၉)ခု၊ Equipment (၅)ခု၊ ကျောပိုးအိတ် (၂)လုံး၊ ခါးပတ် (၁)ခု၊ ဘေးအိတ် (၃)လုံး၊ ဦးထုပ် (၂)လုံး၊ စကားပြောစက် (၂)လုံး၊  လက်ကိုင်ဖုန်း (၆)လုံးနှင့် Keypad ဖုန်း (၂)လုံးတို့ကို သိမ်းဆည်းရရှိကြောင်း သိရသည်။

ဇူလိုင်လ (၂၅)ရက်နေ့ နံနက်ပိုင်းတွင်လည်း တကောင်းတောင်ပေါ်ရှိ ရဲကင်းစခန်းအား အထူးလှုပ်ရှား တပ်ရင်း(၃)နှင့် သပိတ်ကျင်းမြို့နယ် ပကဖ တို့မှ ဝင်ရောက်စီးနင်းသိမ်းပိုက်ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ငယ် (၁၃)လက်၊ ကျည်မျိုးစုံ (၁၀၀၀)ကျော်၊ကျည် အိမ် (၂၈)ခုကို သိမ်းဆည်းရရှိသည်ဟု သိရသည်။

#TachileikNewsAgency

Photo: အမှတ်(၁)စစ်ဒေသ