ကချင်ပြည်နယ်အတွင်း တရုတ် - မြန်မာနယ်စပ်ရှိ လွယ်ဂျယ်မြို့မှ စစ်ကောင်စီဌာနဆိုင်ရာရုံးများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ(၄)ရက်နေ့တွင် ချိတ်ပိတ် ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း KIA နှင့်နီးစပ်သူများထံမှ သိရသည်။
KIA က စစ်ကောင်စီ၏ အလံကို ဖြုတ်ချကာ ကချင်အလံကို လွှင့်ထူထားပြီး မြို့တွင်းကိုလည်း လုံခြုံရေးယူထားကြောင်း သိရသည်။
လွယ်ဂျယ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ရုံးများ အားလုံးကို KIA မှ တရားဝင် သိမ်းပိုက်ထားပြီဖြစ်ကြောင်း သတိပေးစာများ ကပ်ထားသည်။
လွယ်ဂျယ်မြို့ ကို KIA က ပြီးခဲ့သည့် မတ်လ(၂၉)ရက်နေ့တွင် ပိတ်ဆို့ကာ ဧပြီလ(၂)ရက်နေ့တွင် ထိန်းချုပ်နိုင်ခဲ့ပြီး ယင်းနေ့ နံနက်ပိုင်းတွင်ပင် လွယ်ဂျယ်မြို့ရဲစခန်းနှင့် စစ်ကောင်စီဌာနဆိုင်ရာရုံးများကို ရှင်းလင်းရေးလုပ် ဆောင်ခဲ့ခြင်းဖြစ်သည်။