တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၆)ဦးသေပြီး တပ်ကြပ်ကြီးတစ်ဦးကို လက်နက်ခဲယမ်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဗထူးတပ်မတော်က ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၉)ရက်နေ့က ထားဝယ်မြို့နယ် သင်္ကန်းတုန်းကျေးရွာတွင် ထားဝယ်မြို့မှတဆင့် ထားဝယ်-ထီးခီးလမ်းအတိုင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းနှင့် ကား(၁၇)စီးပါ ယာဉ်တန်းအား သင်္ကန်းတုန်းကျေးရွာ၌ စခန်းချနေစဉ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုကို ဗထူးတပ်မတော်၊ ထားဝယ်စုပေါင်းစစ်ကြောင်း(DCC)နှင့် Dawei Defense Team(DOT)တပ်ခွဲ (၂)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်ကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA )ပါဝင်သည့် ပူးပေါင်းတပ်များက တစ်ပတ်ကြာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၃၀)ကျော်သေပြီး တပ်ပျက်ကာ ထွက်ပြေးသွားကြသည်။
ထားဝယ်မြို့မှ ကျောက်မဲတောင်စခန်းကို ရိက္ခာဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်၏ ယာဉ်တန်း(၁၇)စီးကို ထားဝယ်မြို့နှင့် မိုင်(၂၀)အကွာ သင်္ကန်းတုန်းနှင့် ဝကုန်းကျေးရွာတို့တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ကား(၈)စီးပျက်စီးကာ လက်နက်ခဲယမ်းများကိုလည်း တော်လှန်ရေးတပ် များဘက်က သိမ်းဆည်းရရှိခဲ့သည်။
အဆိုပါတိုက်ပွဲကြောင့် ဝကုန်းရွာအပါအဝင် အနီးရှိ ကျေးရွာ(၆)ရွာမှ ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
#TachileikNewsAgency
Photo: Ba Htoo Army-BHA