စစ်ကိုင်းသို့ ရှာဖွေကယ်ဆယ်ရေးလာလုပ်သူများ ခွင့်ပြုချက်ယူရမည်

စစ်ကိုင်းသို့ ရှာဖွေကယ်ဆယ်ရေးလာလုပ်သူများ ခွင့်ပြုချက်ယူရမည်

 အင်အားပြင်း ငလျင်ဒဏ်ခံရသည့် စစ်ကိုင်းမြို့ကိုသွားမည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ နယ်မြေခံမီးသတ်တပ်ဖွဲ့ထံ ခွင့်ပြုချက် ယူပြီးမှသာ ကယ်ဆယ်ခွင့်ပြုထားသည်ဟု အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။

အကူအညီလို၍ သွားရောက်ကူညီကယ်ဆယ်နေသည့် အဖွဲ့များကို မီးသတ်တပ်ဖွဲ့က အခြေအနေအရ ခွင့်ပြု ချက်ရယူရန် ပြောဆိုထားသော်လည်း စစ်ကောင်စီ၏ လက်အောက်ခံ လူတစ်စုက အာဏာပြ၍ ပိတ်ပင်ခြင်းပြုလုပ်နေသည်ဟု သိရသည်။ 

“ရှာဖွေကယ်ဆယ်ရေးအတွက် မီးသတ်ဆီမှာ ခွင့်ပြုချက်တောင်းရတာ။ အဲဒါတော့ မှန်တော့ မှန်တယ်။ ဝင်ချင် တိုင်းဝင်လို့ မလွယ်ပါဘူး။ ရှာ/ကယ်ကျတော့ မီးသတ်က တာဝန်ယူတာကိုး။ ကျွန်တော်တို့က သူတို့အောက်ကို ဝင်ပြီးမှ သူတို့ကပြန်ပြီး ဘယ်တိုက်ကို ဘယ်အဖွဲ့သွားပါဆိုတာမျိုးပေါ့လေ။ ခွင့်ပြုချက်မရဘဲ ဝင်ကယ်လို့မရဘူး။”ဟု စစ်ကိုင်းမှ ကယ်ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက Tachileik News Agency ကို မတ်လ(၃၁)ရက်နေ့တွင် ပြောသည်။

ခွင့်ပြုချက်မရဘဲ ဝင်ရောက်၍ ကယ်ဆယ်ရေးလုပ်သည့် အဖွဲ့များကိုလည်း စစ်ကောင်စီ၏ လက်အောက်ခံ လူတစ်စုက လာရောက်တားမြစ် ပိတ်ပင်ခြင်းများရှိနေပြီး ခွင့်ပြုချက် ရှိ၊ မရှိ၊ PDF တပ်ဖွဲ့ ဟုတ်၊ မဟုတ်နှင့် မည်သည့်ငွေကြေးဖြင့် ကယ်ဆယ်ရေး လုပ်သည်ဆိုသည်ကအစ မေးမြန်းသည်ဟု ဆိုသည်။

ကယ်ဆယ်ရေးအဖွဲ့များ မီးသတ်တပ်ဖွဲ့ထံ ခွင့်ပြုချက်တောင်းခံရခြင်းမှာ ပြိုကျနေသည့် အဆောက်အဦးအား လွဲမှားစွာ ဖြတ်တောက်မိပါက ထပ်မံ ပြိုကျနိုင်ခြင်း၊ အန္တရာယ်ရှိခြင်းကြောင့်သာဖြစ်ပြီး ခွင့်ပြုချက်တောင်းပါက ၎င်းတို့ခွင့်ပြုသည့် တိုက်တာများတွင် သွားရောက်ကယ်ဆယ်ရေးလုပ်နိုင်သည်ဟု ဆိုသည်။

“မှားလုပ်မိတာနဲ့ ထပ်ပြီးတော့မှ ထိခိုက်မှုတွေများမှာ။ အဲဒီတော့ ပေးလို့ရတဲ့ အဆောက်အဦးတွေကိုပဲ ပေးလုပ် တာပေါ့နော်။ မရဘူးဆိုရင် အန္တရာယ်များလို့ရှိရင် အင်ဂျင်နီယာတွေ တိုင်းတာပြီးမှ ဘယ်ကနေ စဖြိုဆိုတာမျိုးပေါ့ လေ။ အဲဒီလို တွက်ချက်ပြီးမှ ဖြိုရတာ။”ဟု ကယ်ဆယ်ရေးလုပ်ပေးနေသူ တစ်ဦး Tachileik News Agency ကို ပြောသည်။

ငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်း ပြိုကျသွားပြီး တံတားသစ်မှာလည်း ချဉ်းကပ်လမ်းများ အက်ကွဲသွားသော်လည်း အစစ်အဆေးမရှိ ဖြတ်သန်းသွားလာခွင့်ပြုထားပြီး ကူညီကယ်ဆယ်ရေးပစ္စည်းများလည်း ခွင့်ပြုပေးထားသည်ဟု သိရသည်။

“ရှာဖွေရေးတွေအတွက် ခွင့်ပြုချက်တောင်းခိုင်းတယ်။ ပစ္စည်းလာလှူတဲ့သူတွေကတော့ ခွင့်ပြုမိန့် မလိုဘူး။” ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

သို့သော်လည်း ယနေ့အထိ စစ်ကောင်စီက စစ်ကိုင်းမြို့ရှိ အသက်ရှင်ကျန်ရစ်သူ ငလျင်ဘေးခံသူများအား စားစရာ၊ ရေနှင့် နေစရာများကို စီစဉ်ပေးထားခြင်း မရှိသေးဟု သိရသည်။

ငလျင်ဒဏ်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ သေဆုံးသူ (၁,၇၀၀)ဦး၊ ဒဏ်ရာရ(၃,၄၀၀)ဦးနှင့် ပျောက်ဆုံး(၃၀၀)ဦးရှိကြောင်း စစ်ကောင်စီက မတ်လ (၃၀)ရက်နေ့တွင် ထုတ်ပြန်ထားသည်။