မြို့သစ်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

မြို့သစ်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

စစ်ကိုင်းတိုင်း တမူးမြို့နယ်၊ မြို့သစ်မြို့ကို တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၄ ခုနှစ် မေလ(၁၁)ရက်နေ့တွင် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း အမှတ်(၁)စစ်ဒေသထံမှ သိရသည်။

တမူးမြို့တွင် အခြေပြုနေသော အမှတ်(၂၂၈) ခြေလျင်တပ်ရင်း (ခလရ-၂၂၈)၊ SNA တပ်မဟာ-၈၉၁ (တပ်ရင်း-၃)၊ ကသည်းတပ်ဖွဲ့၊ ရဲနှင့် ပျူစောထီး ပူးပေါင်းအင်အား (၂၅၀)ခန့်အား တော်လှန်ရေးတပ်များက မေလ (၇)ရက်‌နေ့မှ မေလ (၁၁)ရက်နေ့ နံနက် (၁၀)နာရီအထိ တိုက်ခိုက်ကာ သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း ရဲ (၂၁)ဦး အလံဖြူပြ လက်နက်ချခဲ့ပြီး သေဆုံး နှင့် ဒဏ်ရာရစာရင်းကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အညံ့ခံဖမ်းဆီးရမိသူများထဲတွင် စခန်းမှူး ရဲအုပ်ကျော်ကျော်နိုင်၊ ဒု-ရဲအုပ် ကျော်ကျော်လွင်နှင့် ဒု-ရဲအုပ် မျိုးသန့် တို့ပါဝင်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ထံမှ လက်နက်ငယ် (၂၉)လက်၊ ၆၀ မမ (၁၂)လုံး၊ အီနာဂါ (၅)လုံး၊ ရှေ့ထွက်မိုင်း (၁)လုံး၊ Station Jammer (၃)ခု၊ ကျည်အိမ် (၃၄)ခုနှင့် ကျည်အချို့ သိမ်းဆည်းရရှိသည်ဟု သိရသည်။

တိုက်ခိုက်မှုကို တမူးခရိုင် ကွပ်ကဲရေးမှူး ဦးစီးပြီး တမူးခရိုင် တပ်ရင်း-၂၊ အထူးလှုပ်ရှား တပ်ရင်း-၉၊ ကူကီးအမျိုးသားတပ်မတော် KNA(B)နှင့် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကာ တမူးမြို့နယ် ပကဖမှ ထောက်ပို့ပါဝင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: အမှတ်(၁) စစ်ဒေသ