စစ်ကောင်စီတပ်၏ ဒုတပ်ကြပ်နှင့် ပျူစောထီးအဖွဲ့ဝင်(၃)ဦးတို့ကို လောင်းလုံး PDF က ပစ်ခတ် ရှင်းလင်း

စစ်ကောင်စီတပ်၏ ဒုတပ်ကြပ်နှင့် ပျူစောထီးအဖွဲ့ဝင်(၃)ဦးတို့ကို လောင်းလုံး PDF က ပစ်ခတ် ရှင်းလင်း

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုတပ်ကြပ်ပြုံးချိုနှင့် ပျူစောထီးအဖွဲဝင်(၃)ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၂ခုနှစ် ဒီဇင်ဘာ (၂၈)ရက်နေ့တွင် ပစ်ခတ်ရှင်လင်းခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာနေ ဦးစိုးသိန်း (ခ) သက်ရှည်နှင့် သားမက်ဖြစ်သူ စစ်မှုထမ်းဟောင်း ပျူစောထီးသင်တန်းတက်ရောက်ထားသည့် နိုင်ဦးသည် ပျူစောထီးသင်တန်းများ ပြန်လည်ပေးနေခြင်းကြောင့် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု လောင်းလုံး PDF က ဆိုသည်။

ဦးစိုးသိန်း (ခ) သက်ရှည်၏ သမီးဖြစ်သူ မအေးလဲ့ထွေး (ခ)မီးကန်းသည်လည်း ငွေကြေးများယူကာ ပျူစောထီးအဖွဲ့ဝင်များအား စုဆောင်းပေးသူဖြစ်ပြီး စစ်ကောင်စီထံ သတင်းပေးကာ ပြည်သူများကို ဖမ်းဆီးခိုင်းသောကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ မိသားစုအား အကြိမ်ကြိမ် စောင့်ကြည့်ပြီး ဒီဇင်ဘာ(၂၈)ရက်နေ့တွင် နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်ရှင်းလင်းကာ လက်နက်ရှာဖွေချိန်မရသဖြင့် အမြန်ဆုံး ဆုတ်ခွာခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုတပ်ကြပ် ပြုံးချိုအား လောင်းလုံးမြို့နယ်အတွင်း လောင်းလုံး-ကျောက်နီမော်လမ်းပိုင်းတွင် ပစ်ခတ်ရှင်းလင်းခဲ့ပြီး ယူနီဖောင်း(၂)စုံ၊ ခရာကြိုး (၁)ခု၊ လုံချည်(၂) ထည်၊ မှတ်ပုံတင်(၃)ခု၊ ဆိုင်ကယ်(၁)စီး၊ မှတ်တမ်းစာအုပ်(၁)အုပ်၊ စာကြည့်မျက်မှန် (၁)လက်၊ ဖုန်း(၁)လုံး၊ ကျောပိုးအိတ်(၁)လုံး၊ ဘေးလွယ်အိတ်(၁)လုံး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ကတ်(၁)ကတ်၊ ငွေကျပ်( ၂၅,၀၀၀) တို့ကို သိမ်းမိခဲ့သည်ဟု လောင်းလုံး PDF ထုတ်ပြန်ထားသည်။

“လောင်းလုံးရဲစခန်းကနေ ဆင်းလာတာ၊ လမ်းမှာကင်းစောင့်နေတာနဲ့ ကြုံတော့ ရှင်းလိုက်တာ”ဟု လောင်းလုံး PDF က Tachileik News Agency သို ပြောသည်။

ယခုပစ်ခတ်ရှင်းလင်းမှုသည် လောင်းလုံး PDF အဖွဲ့က ပစ်ခတ်ရှင်းလင်းခြင်းဖြစ်သောကြောင့် ကျေးရွာနေပြည်သူများနှင့် လုံးဝသက်ဆိုင်ခြင်းမရှိဟု အသိပေးထားသည်။

ပြည်သူများအနေဖြင့် ပျူစောထီးများ၊ စစ်ကောင်စီအဖွဲ့များနှင့် နီးကပ်စွာ သွားလာခြင်း၊ ပျော်ပွဲရွှင်ပွဲများ၊ လူစုလူဝေးနေရာများအား သွားလာခြင်းကို ရှောင်ရှားကြရန် လောင်းလုံး PDF က တိုက်တွန်းထားသည်။

 

Photo: LLPDF