မွန်ပြည်နယ် ကျိုက်ထိုခရိုင် ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ် (၁)လုံးနှင့် ဘုန်းကြီးကျောင်းမုဒ်ဝတို့ လက်နက်ကြီးစ ထိမှန်ပျက်စီးကြောင်း KNU ထံမှ သိရသည်။
ဘီးလင်းမြို့နယ်အတွင်း မဲပလီအုပ်စုအခြေစိုက် စစ်ကောင်စီ အမှတ် (၄၀၄ - ၄၀၅) ခြေမြန်တပ်ရင်းမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၇)ရက်နေ့ ည (၇)နာရီခွဲခန့်တွင် အစူးချောင်းကျေးရွာအတွင်းသို့ (၁၂၀) မမ (၁)လုံး ပစ်ခတ်ခဲ့ရာ ပြည်သူပိုင် နေအိမ် (၁)လုံးနှင့် အစူးချောင်းကျေးရွာ နတ်စင်၊ ရေကန်နှင့် ဘုန်းတော်ကြီးကျောင်းမုဒ်ဝတို့ လက်နက်ကြီးစ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဇန်နဝါရီလ (၁၆)ရက်နေ့ကလည်း စစ်ကောင်စီတပ် (အမှတ် ၄၀၄-၄၀၅) ခြေမြန်တပ်ရင်းမှ ၁၂၀ မမ (၁)လုံး ပစ်ခတ်ခဲ့ရာ အစူးချောင်းကျေးရွာအနီးသို့ ထပ်မံ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်အတွင်း လူနေထိုင်ရာကျေးရွာများအား စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ လက်နက်ကြီးများဖြင့် ပတ်ခတ်မှုများကြောင့် ဒေသခံပြည်သူများ ထိတ်လန့်နေရပြီး နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင် နေရသည့်ဒေသခံများလည်းရှိကာ စားဝတ်နေရေး အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း KNU က အသိပေးထားသည်။
၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလ အာဏာသိမ်းချိန်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် KNU ထိန်းချုပ်နယ်မြေများအတွင်း စစ်ဘေးရှောင်ဦးရေ (၁)သန်းကျော်အထိ ရောက်ရှိသွားပြီး ၊ ဒူးသထူ (သထုံခရိုင်)အတွင်း စစ်ဘေးရှောင်ဦးရေ တစ်သိန်းကျော် (၁၁၁,၂၇၄) ဦးရှိကြောင်း KPSN (Karan Peace Support Network)၏ အစီရင်ခံစာအရ သိရသည်။
#TachileikNewsAgency
#TNA_LE
Photo: KNU