လားရှိုးနှင့် သံတွဲမြို့တို့ကို စစ်ကောင်စီဗုံးကြဲ 

လားရှိုးနှင့် သံတွဲမြို့တို့ကို စစ်ကောင်စီဗုံးကြဲ 
စက်တင်ဘာ 8, 2024 | 2021 Military Coup| အခြားဒေသများ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နှင့် ရခိုင်ပြည်နယ် သံတွဲမြို့တို့ကို စစ်ကောင်စီတပ်က၂၀၂၄ ခုနှစ် စက်တင်ဘာလ (၇)ရက်နေ့နှင့် ယနေ့ (၈)ရက်နေ့တို့တွင် ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံတချို့ ထိခိုက်သေဆုံးသူရှိကြောင်း သိရသည်။ 

စစ်ကောင်စီတပ်သည် MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ ရေပူစမ်းလမ်းရှိ Silver Sky Hotel ကို နံနက် (၄)နာရီတွင် ဗုံးကြဲရာ အပျက်အစီးများပြီး လူထိခိုက်မှုရှိနိုင်သည်ဟု သိရသည်။

"လူနေတဲ့ ဟိုတယ်ပါ။ အပျက်အစီးများပါတယ်။ လူထိခိုက်မှု ရှိ၊ မရှိတော့ မသိရသေးဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

မကြာခင်ရက်ပိုင်းကမှ အလုံးစုံသိမ်းပိုက်ရရှိထားသည့် သံတွဲမြို့ကိုလည်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ရာ စာသင်ကျောင်းပျက်စီးပြီး ကျောင်းဆရာတစ်ဦး ထိမှန်သေဆုံးကြောင်း သိရသည်။ 

စစ်ကောင်စီတပ်သည် ဒွါရာဝတီမြို့သစ်ကို ယမန်နေ့ ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကာ အမှတ် (၈)ရပ်ကွက်၊ စိုက်ပျိုးမွေးမြူရေးကျောင်း အနောက်ဘက်နေထိုင်သူ အ.ထ.က (၂)မှ ကျောင်းဆရာ ဦးသိန်းဇံ သေဆုံးသည်ဟု ဒေသခံများက Tachileik News Agency ကိုပြောဆိုသည်။

စစ်ကောင်စီသည် ၎င်းတို့ဆုံးရှုံးထားသည့် မြို့များကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေရာ စက်တင်ဘာလ (၆)ရက်နေ့က ရှမ်း- ကရင်နီနယ်စပ်ရှိ စစ်ဘေးရှောင်စခန်း၊ ရှမ်းမြောက် နောင်ချို၊ နမ့်ခမ်းနှင့် စစ်ကိုင်းတိုင်းရှိ မြိုင်မြို့နယ်တို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်၊ ကလေးငယ်နှင့် အရပ်သား(၃၀)ဦးနီးပါး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: လားရှိုးမြို့ Silver Sky Hotel