ခင်ဦးမြို့နယ် ရွာသစ်ကုန်းနှင့် အင်တိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များ ဝင်လာ၍  ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ခင်ဦးမြို့နယ် ရွာသစ်ကုန်းနှင့် အင်တိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များ ဝင်လာ၍  ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ကျေးရွာအချို့တွင် ယနေ့ ၂၀၂၂ ခုနှစ် မေလ (၂) ရက်နေ့ နံနက်ပိုင်းမှစ၍ အာဏာသိမ်းစစ်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့တို့ဝင်လာ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ယနေ့ နံနက် (၇)နာရီဝန်းကျင်ကတည်းက အာဏာသိမ်းစစ်ကောင်စီတပ်၏ မဒေါင်းလှပျူစောထီးအဖွဲ့နှင့် ခင်ဦးရဲတပ်ဖွဲ့တို့ပေါင်း၍ ခင်ဦးမြို့နယ်အတွင်း သရက်ကန်ကျေးရွာအတွင်းဝင်လာ၍ ဒေသခံများမှာ နံနက်စောစောမှာပင် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။



 

ယင်းအပြင် ရေဦးဘက်မှ ထွက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ် ခန့်မှန်းအင်အား (၄၀)ဝန်းကျင်သည် နံနက် (၉)နာရီ (၄၅)မိနစ်ဝန်းကျင်၌ ခင်ဦးမြို့နယ်အတွင်းရှိ ရွာသစ်ကုန်းဘက်သို့ ဝင်လာရာတွင် ကြိုးဖြင့်တုပ်၍ ဖမ်းဆီးခံထားရသည့် အရပ်သား (၅) ဦးကို ၎င်းတို့တပ်၏ရှေ့မှထား၍ ခေါ်လာကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ အင်အားအချို့က နံနက် (၁၀)နာရီခွဲဝန်းကျင်တွင် အင်တိုင်း(တောင်)ရွာကိုလည်း ဝင်လာကြောင်း သိရသည်။

ခင်ဦးမြို့နယ်ရှိ အင်းပတ်ကျေးရွာတွင် မေလ (၁) ရက်နေ့ကလည်း အာဏာသိမ်းတပ်က ၎င်းတို့၏ပျူစောထီးအဖွဲ့များနှင့်ပေါင်း၍ ညနေ (၃)နာရီခွဲဝန်းကျင်တွင် ဝင်လာ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီက စစ်ကိုင်းတိုင်းကို အင်တာနက်လိုင်းဖြတ်တောက်ထားပြီး စစ်အင်အားတိုးချဲ့ကာ ဒေသတွင်း စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံအများအပြားမှာ အကူအညီများ လိုအပ်နေကြကြောင်း သိရသည်။

#TachileikNewsAgency