မကွေးတိုင်း လောင်းရှည်မြို့နယ်မှ ကျင်ဒွေးသို့ ရိက္ခာလာပို့သည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ နှစ်ဘက်ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြောင်း Laung She Regional People's Defence Forceက ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၈)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့မှ စတင်ထွက်ခွာလာသော လောင်းရှည်မှ ကျင်ဒွေးသို့သွားမည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ဂန့်ဂေါခရိုင်အမှတ်(၆)တပ်ရင်းနှင့် PDFမဟာမိတ် ပူးပေါင်းတပ်များက ရင်းကဲကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ပြီး ရင်းကဲကျေးရွာကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ အများအပြား ထိခိုက်သေဆုံးကာ လောင်းရှည်သို့ Fawကား (၂)စီးဖြင့် သယ်ယူသွားပြီး မဟာမိတ်တပ်ဖွဲ့မှ ရဲဘော်(၆)ဦး ကျဆုံးခဲ့ရသည်ဟုလည်း သိရသည်။
တိုက်ပွဲပြင်းထန်လာပြီးနောက် အထိနာသည့်စစ်ကောင်စီတပ်သည် ဇူလိုင်လ (၁၅)ရက်နေ့တွင် တိုက်လေယာဉ် တစ်စီးဖြင့် ဗုံးကြဲချခြင်း အပါအဝင် မော်တာကျည်များ အသုံးပြုတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ယင်းမှတဆင့် ဆွဲလွဲကျင်းကျေးရွာမှ စစ်ကောင်စီတပ်များသည် ချင်းပြည်နယ် မဆွာတွီကျေးရွာအနီးသို့ ရောက်ရှိလာရာ PDFနှင့် CDF ပူးပေါင်းတပ်များမှ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သဖြင့် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းမှူး (ဗိုလ်မှူးကြီးအဆင့်) ဒဏ်ရာရသဖြင့် တိုက်လေယာဉ်တစ်စီးနှင့် ဗုံးကြဲချခြင်း၊ Rocketများဖြင့် အတွဲလိုက်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ကောင်စီတပ်များသည် မဆွာတွီကျေးရွာနေအိမ်များကို ဖျက်ဆီးခဲ့ပြီး မဆွာတွီကျေးရွာတွင် တစ်ညအိပ်ကာ ကျင်ဒွေးသို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
ကျင်ဒွေးမှအပြန်လမ်းတွင် ဂန့်ဂေါခရိုင် အမှတ်(၆)တပ်ရင်း တပ်ခွဲ(၃)မှ ပြန်လာရာလမ်းတလျှောက် မိုင်းများဖြင့်တိုက်ခိုက်ရာ အထိအခိုက်များပြီး သေဆုံးစစ်ကောင်စီတပ်သားများကို ဆွဲလွဲကျင်းကျေးရွာရှိ နေအိမ်တစ်လုံးတွင် အိမ်နှင့်တစ်ကွ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
တိုက်ပွဲများဖြစ်ပြီးနောက် ဂန့်ဂေါခရိုင်အမှတ်(၆)တပ်ရင်းအနေဖြင့် မီးရှို့ခံရသည့် ရင်းကဲကျေးရွာနှင့် အနီးရှိ စစ်ဘေးရှောင်ပြည်သူများ စစ်ကြောင်းအတွင်းပိတ်မိနေသော ပြည်သူများကို ကယ်ထုတ်ခြင်း၊ စစ်ပွဲဧရိယာနေရာများကို နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စစ်ဘေးရှောင်တို့၏ အစားအသောက်၊ ဆေးဝါးကုသမှု၊ နေရာချထားရေးများနှင့် လုံခြုံရေးများကို လုပ်ဆောင်နေရကြောင်း သိရသည်။
#TachileikNewsAgency
Photo :မဆာတွီရွာတွင် သေဆုံးစစ်ကောင်စီတပ်သားများနှင့်အတူ နေအိမ်ကို မီးရှို့ခဲ့ကြစဉ်