သံတွဲမြို့အတွင်း တိုက်ပွဲမဖြစ်ဟုဆိုကာ ‌စစ်ဘေးရှောင်သည့် ဒေသခံတချို့ မြို့တွင်းပြန်ဝင်

သံတွဲမြို့အတွင်း တိုက်ပွဲမဖြစ်ဟုဆိုကာ ‌စစ်ဘေးရှောင်သည့် ဒေသခံတချို့ မြို့တွင်းပြန်ဝင်

ရခိုင်ပြည်နယ် သံတွဲမြို့အတွင်း တိုက်ပွဲမဖြစ်ဟုဆိုကာ ‌စစ်ဘေးရှောင်သည့် ဒေသခံတချို့ မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

သံတွဲမြို့အနီးရှိ တစ်မိုင်အကွာ ရွှေကျောင်းပြင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်အများအပြား ပျက်စီး‌သွားသော်လည်း မြို့တွင်းရှိဒေသခံတချို့မှာ တိမ်းရှောင်နေရာမှ ပြန်ဝင်လာကြခြင်းဖြစ်ကြောင်း သိရသည်။

"မြို့တွင်းတိုက်ပွဲမဖြစ်ဘူး။ ဒါကြောင့်ပြန်ဝင်လာတာပါ။တိမ်းရှောင်ကြလို့ပြောရင် ကျွန်တော်တို့က ဘယ်ကိုရှောင်ကြရဖို့လဲ။ AA က သံတွဲကိုမဝင်ဘူး။ တောင်ကုတ်တက်သွားမယ်လို့ ပြောကြတယ်။" ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

လက်ရှိတွင် မြို့တွင်း၌ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA)တို့ နေရာယူထားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်က မြို့ပြင်နေရာများတွင် တပ်စွဲ၍ ခံစစ်ပြင်ဆင်ထားခြင်းများရှိနေသည်ဟုလည်း သိရသည်။

"တချို့ကလည်း အိမ်စွဲ၊ ယာစွဲနဲ့ပေါ့ ဘယ်မှမသွားနိုင်ဘူး။ ပြောင်းနိုင်သူတွေကတော့ ပြောင်းကြတယ်။ ပြန်လာတဲ့သူတွေကလည်း ပြန်လာကြတယ်။ မြို့တွင်းကတော့ အေးဆေးပဲ။ မြို့ပြင်မှာဖြစ်နေတာ။ စစ်တပ်ကတော့ မြို့ပြင်တွေမှာ နေရာယူထားကြတယ်။"ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

အာရက္ခတပ်တော်(AA)သည် ငပလီကမ်းခြေရှိ ခမရ(၅၆၆)၊ ခလရ(၅၅)တပ်တို့ကို ထိုးစစ်ဆက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကာ လေကြောင်းမှ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေသည်။

"တချို့လည်း နေအိမ်တွေကို ဖောက်ထွင်းခံရတာတွေရှိတော့ ပြန်လာလိုက်၊ ဗုံးကြဲခံရတော့ ပြန်ပြေးလိုက်ပေါ့။ ပြောင်းစရာ ဆွေမျိုးသားချင်းမရှိတော့လဲ နေရတာပေါ့။ ရှောင်တာတော့ ကောင်းတာပေါ့။ ကိုယ့်အသက်လောက် ဘယ်ဟာကမှ အရေးမကြီးတာ။"ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

သံတွဲဈေးတွင်လည်း ဈေးဝယ်၊ ဈေးရောင်သူအနည်းငယ်ပြန်ရှိနေပြီဖြစ်ပြီး မြို့တွင်း၌လည်း ပုံမှန်အတိုင်း သွားလာနေသူများရှိနေပြီဟု သိရသည်။

သံတွဲမြို့ စစ်ဘေးရှောင်များသည် ကျိန္တလီ၊ ဂွ၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်မြို့များသို့ တိမ်းရှောင်သွားကြသည်။

သံတွဲမြို့တွင် မေလ(၁၃)ရက်နေ့ကစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့အထိ စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား(၁၀၀)‌ဦးဝန်းကျင် သေဆုံးခဲ့ရသည်။

#TachileikNewsAgency

Photo: CJ