မန္တလေးတိုင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်စစ်ဆင်နေသည့် ရှမ်းမန်းစစ်ဆင်ရေးဟု NUG ထုတ်ပြန်

မန္တလေးတိုင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်စစ်ဆင်နေသည့် ရှမ်းမန်းစစ်ဆင်ရေးဟု NUG ထုတ်ပြန်

မန္တလေးတိုင်းအတွင်းထိ ထိုးဖောက်ဝင်ရောက်စစ်ဆင်နေသည့် ရှမ်းမန်းစစ်ဆင်ရေးဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၂၇)ရက်နေ့တွင် အသိပေးထုတ်ပြန်သည်။

ရှမ်းမန်းစစ်ဆင်ရေး၏ ထူးခြားချက်မှာ ရှမ်းမြောက်ဒေသနှင့် ဆက်စပ် မန္တလေးတိုင်းအတွင်းသို့ပါ ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် တော်လှန်ရေးအင်အားစုများ ထိုးဖောက်ဝင်ရောက် စစ်ဆင်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရှမ်းမြောက်နှင့် မန္တလေးတိုင်းတိုက်ပွဲတို့တွင် NUG လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၊ မိုးကုတ်ဗျူဟာတပ်ရင်း (၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄)၊ အမှတ် (၅၁၃)တပ်ရင်း၊ ကျောက်မဲခရိုင် အထူး တိုက်ခိုက်ရေးတပ်ဖွဲ့၊ ပြင်ဦးလွင်ခရိုင် ပကဖ၊  မိုးကုတ်မြို့နယ် ပကဖ၊ မတ္တရာမြို့နယ် ပကဖ တို့လည်း ပါဝင်တိုက်ခိုက်နေသည်ဟု ဆိုသည်။

နောင်ချိုမြို့နှင့် ခမရ (၁၁၅)၊ မတ္တရာမြို့နယ်တွင်းရှိ ပန်းသလဲတောင်စခန်း၊ ကျောက်ကြမ်းတောင်စခန်း၊ ရေစိုတောင်စခန်း၊ (၆၀၆) ဒုံးတပ်ရင်းများကို သိမ်းပိုက်ရရှိထားပြီး ခမရ (၁၁၄)၊ (၁၀၁၄)လေကြောင်းရန် ကာကွယ်ရေးတပ် အင်ကြင်းမြိုင်တို့ကို အပြီးသတ်သိမ်းပိုက်ရေး ဆက်လက်ထိုးစစ်ဆင်နေသည်ဟု သိရသည်။

မိုးကုတ်မြို့နှင့် ကျောက်မဲမြို့များကိုလည်း မဟာမိတ်များနှင့် အတူ ပူးပေါင်း တိုက်ခိုက်နေကာ စစ်ကောင်စီတပ်၏ စစ်စခန်းအများစုကို သိမ်းပိုက်ထားနိုင်ပြီဟု ဆိုသည်။

#TachileikNewsAgency

Photo: MOD NUG