တာချီလိတ် နှင့် မယ်ဆိုင်အကြား ထိုင်းလဝက က အသစ်ပြောင်းလဲလိုက်သည့် အဖြူရောင်ကတ်ကြောင့် တံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့ပြီး လူများမှာ အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းနေရ

တာချီလိတ် နှင့် မယ်ဆိုင်အကြား ထိုင်းလဝက က အသစ်ပြောင်းလဲလိုက်သည့် အဖြူရောင်ကတ်ကြောင့် တံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့ပြီး လူများမှာ အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းနေရ
ဒီဇင်ဘာ 26, 2024 | ရှမ်းရှေ့

 တာချီလိတ် နှင့် မယ်ဆိုင်အကြား ထိုင်းလဝကဘက်က အသစ်ပြောင်းလဲလိုက်သည့် အဖြူရောင်ကတ်သစ်ကြောင့် တံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့ပြီး လူတန်းရှည်မှာ နာရီနှင့်ချီကြာအောင် ရပ်တန့်ကာ စောင့်ဆိုင်းနေရသည့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြား တာချီလိတ်ကနေ မယ်ဆိုင်မြို့သို့ သွားရောက်သူတိုင်း ထိုင်းအဝင်တွင် မဖြစ်မနေ လုပ်ဆောင်ရသည့် အဖြူရောင်ကတ်များကို ယခုအခါ ထိုင်းဘက်က စနစ်သစ် ပြောင်းလဲလိုက်သည့်အတွက် ကတ်ဟောင်းပြုလုပ်သူများ အနေဖြင့် ကတ်အသစ်များကိုလည်း မဖြစ်မနေ အသစ်ပြန်လည် လုပ်ဆောင်နေရပြီဖြစ်ရာ ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် အဖြူရောင်ကတ် ပြုလုပ်သူများပြား၍ အချိန်ကြန့်ကြာမှုများ ဖြစ်နေရကြောင်း သိရသည်။

အဖြူရောင် ကတ်များကို ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၆)ရက်နေ့က စပြီး အသစ်ပြန်လည် ပြုလုပ်ပေးမည်ဟု ထိုင်းဘက်က ကြေငြာထားပြီးနောက် ယနေ့ နံနက် တံတားဖွင့်ချိန်ကနေ စတင်ပြုလုပ်ပေးနေရာ နံနက်အစောပိုင်း သွားရောက်သည့် ဈေးသည်များအတွက် အချိန်ကြန့်ကြာခဲ့ရကြောင်း နှင့် ပုံမှန်သွားလာသူများလည်း နံနက်ပိုင်းတွင် အချိန်(၃)နာရီကျော်ကြာသည်အထိ စောင့်ရကြောင်း သိရသည်။

"ဒီမနက် စောစောစီးစီး မယ်ဆိုင်သွားပြီး ဈေးသွားရောင်းတဲ့ ဈေးသည်တွေနဲ့ ကုန်စိမ်းသယ်တဲ့လူတွေ အတော်လေး အခက်တွေ့သွားတယ်။ ဒီနေ့က စပြီး အဖြူရောင်ကတ် မဖြစ်မနေ အသစ်ပြန်ပြောင်းရတာဆိုတော့ အချိန်အတော်ကြီးကြာသွားတယ်။ ကတ်လုပ်ပြီးမှ သွားရတာဆိုတော့ တံတားမှာ လှည်းတွေပါ စုပြုံသွားတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency ကို ပြောပြသည်။

ကတ်အသစ်ကို ဒီဇင်ဘာလ(၂၆)ရက်နေ့က စပြီး ပြုလုပ်ပေးမည်ဟု သတ်မှတ်ထားသော်လည်း ဒီဇင်ဘာလ(၂၄)ရက်နေ့ကတည်းက စမ်းသပ် ပြုလုပ်ပေးကြောင်းလည်း သိရသည်။

ထိုင်းဘက်က အဆိုပါ အဖြူရောင်ကတ်များကို စနစ်သစ်ဖြင့် မဖြစ်မနေ အသစ်ပြန်လည်ပြုလုပ်ခိုင်းသည့်အတွက် ယာယီနယ်စပ်ဖြတ်သန်းလက်မှတ်ဖြင့် သွားရောက်မည့်သူများအနေဖြင့် လတ်တလောကာလတွင် အဖြူရောင်ကတ်ပြုလုပ်ရန်မှာ အချိန်ကြန့်ကြာနိုင်ဖွယ်ရှိနေကြောင်းလည်း သိရသည်။

"ဒီကာလက မိုင်းဖုန်းဆရာတော်ရဲ့ မွေးနေ့ကာလလည်းဖြစ်တော့ နယ်ဝေးကနေ မွေးနေ့ပွဲ လာသူတွေ အတော်များတယ်။ သူတို့က မိုင်းဖုန်းကိုလာရင်းနဲ့ မယ်ဆိုင်ဘက်ကိုလည်း သွားလည်ကြမှာဆိုတော့ အခုလို ကတ်အဖြူရောင် အပြောင်းအလဲ ကာလမှာ လူများမှာဆိုတော့ ကတ်ပြုလုပ်ချိန် အတော်လေး အချိန်ကြာသွားနိုင်တယ်။ ဒီကိစ္စကို တာချီလိတ်ဘက်က တာဝန်ရှိသူတွေအနေနဲ့ မယ်ဆိုင်လဝကကို ညှိနှိုင်းပေးနိုင်ရင် ကောင်းမှာပဲ။ ဒီမနက်ကနေ အခု ထိ လူတန်းရှေ့ကြီးဖြစ်နေတာ"ဟု ဒေသခံ တစ်ဦးက ယနေ့ နံနက်(၁၀)နာရီအချိန်က ပြောသည်။

ကတ်များကို မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်သော်လည်း ကတ်သက်တမ်း မကုန်သေးသ၍ မယ်ဆိုင်မြို့သို့ သွားခါနီးမှ ပြုလုပ်၍ ရကြောင်းလည်း သိရသည်။

အဖြူရောင် ကတ်များကို သတ်တမ်းအားဖြင့် (၁)နှစ် သတ်မှတ်ပေးထားပြီး ကတ်အသစ်ပြုလုပ်သည် ဖြစ်စေ၊ သက်တမ်း တိုးသည် ဖြစ်စေ တစ်ခါပြုလုပ်လျှင် ယခင်အတိုင်း ဘတ်(၂၀) သတ်မှတ် ကောက်ခံကြောင်း သိရသည်။

အဆိုပါ အဖြူရောင်ကတ်ကို ထိုင်းလဝက က လုပ်ဆောင်ပေးခြင်းဖြစ်ပြီး ကိုယ်ရေးအချက်အလက် နှင့် ကား/ဆိုင်ကယ် အချက်အလက်များကို ၎င်းတို့၏ ကွန်ပျူတာစနစ်တွင် ထည့်သွင်းကာ အချက်အလက်များရယူထားခြင်းဖြစ်သော်လည်း ယခုလို အချက်အလက်ကို ရယူထားခြင်းအတွက် ထိုင်းဘတ်ငွေ(၂၀)ကို ကောက်ခံခြင်းသည် ၎င်းတို့ ဌာနအတွက် ဝင်ငွေတစ်ခုလည်း ဖြစ်စေသည်။

"တာချီလိတ်နဲ့မယ်ဆိုင်ကို သွားမယ်ဆိုရင်တော့ မြန်မာဘက်မှာက တံတားကူးလက်မှတ်လုပ်ပြီး သွားရုံပဲ။ ထိုင်းဘက်ကတော့ သူတို့ဘက်ကို လာသူအနေနဲ့ တံတားကူးလက်မှတ်အဖြစ် သူတို့နားမှာ လုပ်ထားတဲ့ အဖြူရောင်ကတ်ပါ လိုတာ။ အဲ့အတွက် အဖြူရောင်ကတ် မရှိသေးသူအနေနဲ့ ကတ်လုပ်ဖို့ သူတို့ကို ဘတ်(၂၀)ပေးရတယ်။ ကိုယ့်အချက်အလက်ကိုလည်း သူတို့ကို ပေးရသလို ဘတ်(၂၀)ပါ အပိုဆောင်းပေးရသလို ဖြစ်နေတယ်။ နောက်ပြီး အဝေးကလာတဲ့ ဧည့်သည်လည်း တခါပဲသွားသွား အဖြူရောင်ကတ်ကို မဖြစ်မနေ လုပ်ရတာ။ အခုလို ကိစ္စတွေကို  မြန်မာဘက်က တာဝန်ရှိသူတွေက ညှိနှိုင်းပေးတာမျိုးတွေ မလုပ်ပေးတတ်ဘူးလားမသိပါဘူး"ဟု အမှတ်(၁)တံတားကနေ ကုန်ပစ္စည်းသယ်ဆောင်သူ ဒေသခံ တစ်ဦးက ဆိုသည်။

အဖြူရောင် ကတ်မှာ ထိုင်းလဝက၏ ကွန်ပျူတာစနစ်သို့ ထည့်သွင်းထားသည့် အချက်အလက် ကောက်ယူထားသော လုပ်ငန်းစဉ်အရသာ ဖြစ်ပြီး မြန်မာဘက် လုပ်ငန်းစဉ်နှင့် ချိတ်ဆက် သက်ဆိုင်ခြင်းမရှိကြောင်း သိရသည်။ 

ယခုလို အဖြူရောင် ကတ်များကို မြန်မာနိုင်ငံသားများသာ ပြုလုပ်ရခြင်း မဟုတ်ဘဲ ထိုင်းနိုင်ငံသားများလည်း တာချီလိတ်ဘက်သို့ သွားမည်ဆိုပါ မြန်မာနိုင်ငံသားများ နည်းတူ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။ 

"ကျွန်မတော့ လောလောဆယ် မယ်ဆိုင်ဘက် သွားစရာမရှိသေးလို့ ကတ်ကလည်း သက်တမ်းရှိနေသေးတာဆိုတော့ သွားခါနီးမှပဲ သွားလဲတော့မယ်။ အရေးလည်း မကြီးသေးဘူးဆိုတော့လေ။ အခုချိန်သွားရင်တော့ လူအုပ်ကြီးတွေကြားထဲ အကြာကြီး တန်စီစောင့်နေရမှာ"ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဖြူရောက်ကတ်များကို ယနေ့ ဒီဇင်လာလ(၂၆)ရက်နေ့ တစ်နေ့တည်း ပြုလုပ်ပေးခြင်းမဟုတ်ဘဲ ဒီဇင်ဘာလ(၂၆)ရက်နေ့ကစပြီး ယခင်လို နေ့စဉ် ပုံမှန်အတိုင်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

Photo:   CJ