ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်း ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ရပ်ကွက်နှင့်ကျေးရွာများတွင် လောင်းကစားဝိုင်းများကို ငွေကြေးရယူကာ ခွင့်ပြုပေးနေလျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။
"ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး နဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးတို့က မိုင်းဆတ်မြို့အတွင်း တိုင်းရင်းသားများရဲ့ ရိုးရာပွဲများကို အကြောင်းပြုပြီး ရက်ရှည်လောင်းကစားဝိုင်းများ ပြုလုပ်ခွင့်ပေးထားပါတယ်။ အဲ့ဒီအပြင် ဘုန်းကြီးပျံ နဲ့ အသုဘမသာအိမ်များပါ လောင်းကစားဝိုင်းများကို မပါမဖြစ် ပြုလုပ်ခွင့်ပေးထားပြီးတော့ လောင်းကစားဒိုင်များကနေ သတ်မှတ်ကြေးများ ရနေပါတယ်။ ရက်ရှည် လောင်းကစားဝိုင်းများ ပြုလုပ်ခွင့်ပေးထားလို့ ရပ်ကွက်အတွင်း ပြည်သူတွေဟာ လောင်းကစားဝိုင်းက ဆူညံသံတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ကြရပါတယ်"ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် ပြောလာသည်။
မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး(ပ/၅၃၅၂) နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်လင်းထွန်းတို့က မိုင်းဆတ်မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများတွင် ရက်ရှည် လောင်းကစားဝိုင်းများကို ငွေကြေးရယူကာ ခွင့်ပြုပေးနေခြင်း ဖြစ်ကြောင်း နှင့် ၎င်းတို့သည် တိုက်ရိုက်တောင်းယူခြင်း မဟုတ်ဘဲ အောက်ခြေအဆင့်များကနေ တဆင့် ခိုင်းစေကာ ရယူနေခြင်း ဖြစ်ကြောင်း သိရသည်။
"ဟုတ်ပါတယ်။ လောင်းကစားဝိုင်း ထည့်ဖို့အတွက် ပွဲကို ခေါင်းစဥ်အမျိုးမျိုးနဲ့ ကျင်းပနေတာ ရပ်ကွက်အသုဘကအစပေါ့။ ပြီးခဲ့တဲ့အပတ်ကဆို ဝိန်းနေရပ်ကွက် ကုန်းကုလားကျေးရွာမှာ အာခါရိုးရာနှစ်သစ်ကူးပွဲမှာ လုပ်တယ် အခုက တန့်ဆိုင်ကျေးရွာမှာ ခရစ္စမတ်ပွဲဆိုပြီး လုပ်တယ်။ ရပ်ကွက်တွေထဲက နာရေးတွေမှာလဲ မပြတ်ဘူးလေ။ လောင်းကစားဝိုင်းတွေက အဓိက ကတော့ ဂုံးဂင်းဝိုင်း၊ တမ်မစီ၊ ရှမ်းကိုးမီးနဲ့ ဖဲဝိုင်းတွေ ပါတယ်။ ဒီလိုလောင်းကစားတွေကို ခရိုင်အုပ်ချုပ်ရေးမှူး နဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးတို့ကသာ ဖွင့်ခွင့်မပေးရင် ဘယ်သူမှ ဖွင့်ရဲမှာမဟုတ်ဘူး သူတို့နဲ့အပေးအယူရှိလို့ မိုင်းဆတ်မှာ လောင်းကစားဝိုင်းတွေ လုပ်ရဲကြတာ"ဟု နောက်ထပ် အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက ပြောပြသည်။
လက်ရှိတွင် မိုင်းဖြတ်မြို့နယ်အတွင်း တန့်ဆိုင်ကျေးရွာတွင် ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၆)ရက်နေ့အထိ လောင်းကစားဝိုင်း ဖွင့်လှစ်ခွင့်ပြုထားဆဲ ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးသည် မိုင်းဆတ်ခရိုင်အတွင်း စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းနှင့်ပတ်သက်၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကို မကြာခဏ အစည်းအဝေးများ ဆင့်ခေါ်ပြီး တပ်သားသစ်ရရှိရေး သတ်မှတ်အင်အားပြည့်မှီရေးအတွက် အကြိမ်ကြိမ် ဖိအားပေးလျှက်ရှိကြောင်း သိရသည်။
အလားတူ မိုင်းဆတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဖြစ်သည့် အမှတ်(၃၈၃)၊ ခြေမြန်တပ်ရင်းမှ ဗိုလ်မှူး ငြိမ်းမင်းဦးဆိုသူကလည်း ပြည်သူ့စစ်မှုထမ်းကိစ္စနှင့်ပတ်သက်ပြီး တပ်သားသစ်ရရှိရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကို အာဏာပြကာ ဖိအားပေး စေခိုင်းလေ့ရှိကြောင်း သိရသည်။
" မိုင်းဆတ်မှာ အခုလက်ရှိ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး နဲ့အဖွဲ့က တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ အမိန့်ပေး အာဏာပြ အတင်းဖိအားပေး စေခိုင်းတာတွေ ရှိနေဆဲပဲ။ ဒီဒေသမှာ အုပ်ချုပ်နေတဲ့သူက သမာဓိမရှိတော့ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မကြုံဖူးတဲ့ ရေကြီးတာ၊ တံတားကျိုးတာ၊ အိမ်တွေရေမြှုပ်ပျက်စီးတာတွေနဲ့ပါ ကြုံခဲ့ရတယ်"ဟု ဒေသခံတစ်ဦးက ထပ်မံပြောဆိုသည်။
ခရိုင်အုပ်ချုပ်ရေးအဖွဲ့၏ လာဘ်ပေးလာဘ်ယူမှုအနေဖြင့် မိုင်းဆတ်ခရိုင် နှင့် တာချီလိတ်ခရိုင်အကြား မိုင်းဆတ်ပိုင်နက်အတွင်း တရုတ်နိုင်ငံသားများပါဝင်သည့် တရားမဝင် ရွှေတူးဖော်သည့်လုပ်ငန်းများကနေပါ ငွေကြေးရယူမှုများပါရှိနေကြောင်းလည်း သိရသည်။