တကောင်းမြို့အား တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ

တကောင်းမြို့အား တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် တကောင်းမြို့အား တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားပြီး မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း သပိတ်ကျင်းမြို့နယ် ပကဖ က ၂၀၂၄ခုနှစ် သြဂုတ်လ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

သပိတ်ကျင်းမြို့နယ် တကောင်းမြို့အား တော်လှန်ရေးအင်အားစုများမှ ဩဂုတ်လ (၁၁)ရက်နေ့ နံနက်ပိုင်းမှ စတင်တိုက်ခိုက်ကာ ဩဂုတ်လ (၁၂) ရက်နေ့ ညနေပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တကောင်းမြို့ပေါ်တွင် ဒု-ဗိုလ်မှူးကြီး ရဲခေါင်နှင့် ဗိုလ်မှူး မိုးသွင် ဦးစီး တတက-၁၃၊ ဗိုလ်မှူး မိုးဝင်း ဦးစီး စခတ-၂၊ ရဲအုပ် အောင်ကိုဝင်း ဦးစီး ရဲတပ်ဖွဲ့၊ ဇော်လင်းနိုင် (ဒု-မြို့နယ်မှူး) တို့ အခြေပြုနေထိုင်သော ထွေအုပ်ရုံး၊ ဆေးရုံနှင့် ရဲစခန်းအား ဩဂုတ်လ (၁၁)ရက်နေ့တွင် ရရှိခဲ့ပြီး လေးမျက်နှာဘုရားအား ဩဂုတ်လ (၁၂)ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၆၄)ဦး သေဆုံးပြီး (၂၀)ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကာ လက်နက်မျိုးစုံ (၈၃)လက်၊ ကျည်မျိုးစုံ (၁၄,၀၀၀)ကျော်၊ ဗုံးသီးမျိုးစုံ (၁၃၀) သိမ်းဆည်းရမိခဲ့ကြောင်း သပိတ်ကျင်းမြို့နယ် (ပကဖ) က ဆိုသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်က တပ်ဖွဲ့ဝင် (၂) ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

တကောင်းမြို့သိမ်းတိုက်ပွဲအား အမှတ် (၁) စစ်ဒေသ၊ မန္တလေးတိုင်းတာဝန်ခံရုံး ကွပ်ကဲမှုဖြင့် အထူးလှုပ်ရှား တပ်ရင်း-၃၊ အမှတ် (၅၁၁) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၄၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့နှင့် သပိတ်ကျင်းမြို့နယ် ပကဖ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သပိတ်ကျင်းမြို့နယ် - ပ.က.ဖ