ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် ကျောက်မဲမြို့တို့ရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်နေသည်ဟု သိရသည်။
နောင်ချိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသော ဆေးရုံ၊ မိုးဇလရုံးနှင့် မီးသတ်ရုံးတို့ကို TNLA က သိမ်းထားပြီး ရဲစခန်း၊ ခမရ(၁၁၄) နှင့် ခမရ(၁၁၅)တို့ကို ဆက်လက်တိုက်ခိုက်နေသည်ဟု သိရသည်။
"ကျောက်မဲနဲ့ နောင်ချိုက စကစတပ်စခန်း (၅)နေရာကို သိမ်းထားပြီးပါပြီ။ စာရင်းအတိတကျကိုတော့ ထုတ်ပြန်ချက်စောင့်လိုက်ပါ။"ဟု TNLA မှ ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။
လက်ရှိတွင် စစ်ကောင်စီ၏ ကျောက်မဲအခြေစိုက် အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကိုလည်း TNLAက ဝင်ရောက်တိုက်ခိုက်နေသည်ဟု သိရသည်။
တိုက်ပွဲအခြေအနေကြောင့် ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်း ဖြတ်သန်းခွင့် ပိတ်ထားပြီး နန့်လင်းခမ်းရွာထိပ်ရှိ စစ်တပ်ဂိတ်က ပိတ်ဆို့ထားသည်ဟုလည်း သိရသည်။
TNLA ဘက်ကမူ နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့တွင် ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၂၅)ရက်နေ့ နံနက်ပိုင်းကစတင်ကာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်နေကြောင်း အသိပေးထုတ်ပြန်သည်။
နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ နံနက်(၅)နာရီခွဲကစတင်၍ တိုက်ပွဲဖြစ်ပြီး ကျောက်မဲမြို့နယ်၌ ငြိမ်းချမ်းရေးကုန်းတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ နံနက် (၅)နာရီခွဲကစတင်ကာ တိုက်ပွဲဖြစ်ပွားသည်ဟု သိရသည်။
ထို့အပြင် မိုးကုတ်မြို့ စလောင်တောင်အနီးတဝိုက်ဘက်တွင်လည်း တိုက်ပွဲဖြစ်သည်ဟု သိရသည်။
တိုက်ပွဲအခြေအနေကြောင့် မန္တလေး-မိုးကုတ်ကားလမ်းနှင့် မန္တလေး-မြစ်ကြီးနားကားလမ်းကို ဇွန်လ (၂၅)ရက်နေ့ မှစတင်ကာ ည(၇)နာရီမှ နံနက်(၆)နာရီအတွင်း အသုံ့းပြုသွားလာခြင်းမပြုလုပ်ကြရန်၊ သတ်မှတ်ထားသောအချိန်အတွင်း ခရီးသွားပါက မှန်ချမောင်းနှင်ရန်၊ စစ်ကောင်စီယဉ်များနှင့် အနီးကပ်နေခြင်းမပြုလုပ်ရန်၊ လမ်းခရီးတွင် တိုက်ပွဲဖြစ်နေပါက ဘေးကင်းရာတွင် ယာဉ်များရပ်နားထားရန် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
#TachileikNewsAgency