မိုးမိတ်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို TNLA သိမ်းပိုက်

မိုးမိတ်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို TNLA သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း (၃)ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး နောင်ချို၊ သီပေါနှင့် မိုးကုတ်မြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း TNLA ထံမှ သိရသည်။

နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်၏ (၆၀၆)တပ်ကို ယနေ့ နံနက်ပိုင်းတွင် TNLA ပူးပေါင်း MDY PDF တပ်ဖွဲ့တို့က ဆက်လက်တိုက်ခိုက်နေသည်ဟု သိရသည်။ 

နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေသော (၆၀၆)တပ်စခန်း အနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Y-12 ဖြင့် (၈)ကြိမ်နှင့် Jet Fighter ဖြင့် နောင်ချိုမြို့အတွင်း စာသင်ကျောင်းသို့ (၁)ကြိမ် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

သီပေါမြို့နယ် သီပေါတံတားအနီးတဝိုက်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုးကုတ်မြို့နယ် မိုင်တိုင် (၅)နှင့် အိုက်ဆောင်တောင်အနီးတဝိုက်တွင်လည်း စစ်ကောင်စီတပ် လပခ၊ ခလရ (၈၈၊ ၁၄၈)တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားရာ (၅)မိုင်တွင်လည်း စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် တစ်ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယနေ့တွင်ပင် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ် ခမရ(၅၀၁)စခန်းမှ လက်နက်ကြီးဖြင့် ငြိမ်းချမ်းရေးကုန်းသို့ (၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မိုးမိတ်မြို့အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်မှ ရွှေဇာလီရွာသို့ လက်နက်ကြီးဖြင့် (၄)ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယမန်နေ့ ဇူလိုင်(၇)ရက်နေ့ ညနေပိုင်းတွင် TNLA သည် မိုးမိတ်မြို့ရှိ စစ်ကောင်စီ၏ လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်းနှင့် လယ်ကြီးစခန်းတို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency