ပြည်သူများနှင့် ကျန်းမာရေးကဏ္ဍအပေါ် လေကြောင်းတိုက်ခိုက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီအား နိုင်ငံတကာအနေဖြင့် အမြန်ဆုံးတားဆီးအရေးယူရန် NUG ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်း

ပြည်သူများနှင့် ကျန်းမာရေးကဏ္ဍအပေါ် လေကြောင်းတိုက်ခိုက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီအား နိုင်ငံတကာအနေဖြင့် အမြန်ဆုံးတားဆီးအရေးယူရန် NUG ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်း
စက်တင်ဘာ 8, 2024 | 2021 Military Coup

ပြည်သူများနှင့် ကျန်းမာရေးကဏ္ဍအပေါ် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို နိုင်ငံတကာအနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းများ အသုံးပြု၍ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူတို့ဘက်၌ စာနာရပ်တည်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၄ခုနှစ် စက်တင်ဘာလ (၇)ရက်နေ့တွင် တိုက်တွန်း တောင်းဆိုသည်။

စစ်ကောင်စီက ဆေးရုံဆေးခန်းများ၊ ကျောင်းများ၊ အရပ်သားပြည်သူတို့၏ နေအိမ်များ၊ ဈေးများ၊ ဘာသာရေးအ‌ဆောက်အအုံများ၊ လမ်းတံတားများအပေါ်  ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions)၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ၊ ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှု ပြန်လုပ်ရန် ခိုင်းစေသူများ ၊ လေတပ် တာဝန်ရှိများ ၊ လေယာဉ်မောင်းသူများ ၊ လေယာဉ်စက်ပစ္စည်းနှင့် လေယာဉ်ဆီရောင်းဝယ်သူများ ၊ ပါဝင်ပက်သက်နေသူများအားလုံးကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ပြီး တရားမျှတမှု ရရှိသည်အထိ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနက အသိပေးသည်။

လူစိတ်ပျောက်နေသော စစ်ကောင်စီနှင့် လက်တွဲဆောင်ရွက်နေသူများ၊ ထောက်ခံအားပေးနေသူများအနေဖြင့် မိမိတို့၏ လုပ်ရပ်များကို ရပ်တန်းကရပ်ကြရန်နှင့် စစ်ကောင်စီနှင့် ဆက်လက်၍ လက်တွဲဆောင်ရွက်နေပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းအသိပေးထားသည်။

ဝန်ကြီးဌာနသည် အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိသည့်တိုင် ကျန်းမာရေး ဝန်ထမ်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲ၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ၊ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

#TachileikNewsAgency

Photo: NUG