ခင်ဦးမြို့နယ်၊ ရေအေးကုန်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ကာ ဝင်ရောက်လာသဖြင့် အနီးကျေးရွာများပါ ထွက်ပြေးရ

ခင်ဦးမြို့နယ်၊ ရေအေးကုန်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ကာ ဝင်ရောက်လာသဖြင့် အနီးကျေးရွာများပါ ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရေအေးကုန်းရွာကို စစ်ကောင်စီတပ်က ယနေ့  ၂၀၂၃ခုနှစ်၊ ဇွန်လ(၉)ရက်၊ နံနက်ပိုင်းတွင် စစ်ကြောင်းထိုး၍ လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ရာ အနီးရှိကျေးရွာများမှ ဒေသခံများ တိမ်းရှောင်နေကြရသည်ဟု သိရသည်။

ခင်ဦးမြို့နယ်၊ အရှေ့တောင်ဘက်မှတဆင့် သံဘိုရွာတောင်ဘက် ရွေမိုးညိုဘုရားအနီးသို့ စစ်ကြောင်းထိုးလာကာ ဒေသအခေါ်  G1ဘုရားမှတဆင့် လက်နက်ကြီးများဖြင့် ရေအေးကုန်းရွာဘက်သို့ပစ်ခတ်ကာ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် သံဘို၊ ချောင်းဆုံ၊ ကျီးကန်၊ ရေအေးကုန်း စသည့်ကျေး ရွာ(၄)ရွာမှ ဒေသခံ(၂၅၀၀)ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက Tachileik News Agencyကို ပြောသည်။ 

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ဇွန်လ(၄)ရက်နေ့ကလည်း အိမ်ခြေ(၆၀၀)ဝန်းကျင်ရှိသည့် ခင်ဦးမြို့နယ် ၊ ကံသစ်ကျေးရွာကို (၄)ကြိမ်မြောက်မီးရှို့ခဲ့ရာ နေအိမ်(၆၅)လုံး ထပ်မံ မီးရှို့ဖျက်ဆီးခံခဲ့ရသေးသည်။ အဆိုပါကျေးရွာကို စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ပထမအကြိမ်အဖြစ် (၅၂)အိမ်၊ နိုဝင်ဘာလတွင် ဒုတိယအကြိမ်အဖြစ် (၇)အိမ်၊ ၂၀၂၃ ခုနှစ် မေလတွင် တတိယအကြိမ်အဖြစ် (၂၀၆)အိမ်နှင့်  ဇွန်လတွင် စတုတ္ထအကြိမ်အဖြစ် (၆၅)အိမ်၊ စုစုပေါင်း(၃၃၀)အိမ် မီးရှို့ဖျက်ဆီးခဲ့ရကြောင်း သိရသည်။

စစ်အာဏာသိမ်းချိန်မှစ၍ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၇၄)ရွာမှ နေအိမ်ပေါင်း(၆၀၀၀)ဝန်းကျင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် တစ်မြို့နယ်လုံး မီးဘေးသင့်ပြည်သူ (၃)သောင်းကျော်လာကာ အကူအညီများလိုအပ်နေကြောင်း သိရသည်။

#TachileikNewsAgency