မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးကာ ပြည်သူ (၁၇) ဦးအား ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။
ပေါက်မြို့နယ် ရန်ကင်းကျေးရွာမြောက်ဖက် ဒီးဒုတ်ကွင်း စစ်ဘေးရှောင်နေအိမ်များအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့ နံနက် (၅) နာရီတွင် အင်အား (၁၀၀) ခန့်ပါရှိသည့် ဒီးဒုတ်ကွင်း ပြည်သူ့စစ်နှင့် စစ်ကောင်စီ ပူးပေါင်းတပ်မှ PDF ဝတ်စုံများဖြင့် ဝင်ရောက်စီးနင်းခဲ့ကာ စစ်ရှောင်ပြည်သူများ၏ နေအိမ် (၇)လုံးနှင့် ဆေးခန်း (၁)ခုအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့နောက် ရဟန်းသံဃာတော် တပါး အပါအဝင် စစ်ရှောင်ပြည်သူ (၁၇)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြည်သူပိုင်ကားများဖြင့် ပြည်သူပိုင်ပစ္စည်းများအား အတင်းအဓမ္မ လုယူတင်ဆောင်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းအား ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပေါက် (ပကဖ) နှင့် ပခုက္ကူခရိုင် တပ်ရင်း ၅ ၊ ၁၂ ၊ ၁၈ တို့မှ လမ်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်နေစဉ်အတွင်း မုံရွာ နမခမှ တက်လာသည့် MI-35 စစ်ရဟတ်ယာဉ်ဖြင့် လေကြောင်းပစ်ကူပေးခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းအဖွဲ့မှ မျက်မြင် (၁၀)ဦး သေဆုံးပြီး (၁၀)ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကာ စစ်ကြောင်းတခုလုံး ဖရိုဖရဲဖြစ်၍ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ MA-3 (၁)လက် ၊ G-3 (၁)လက် ၊ AK (၁)လက် ၊ ကာဘိုင် (၁)လက်နှင့် ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၁)ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် သံဃာတော်တပါးနှင့် စစ်ရှောင်ပြည်သူ (၁၇)ဦးအား အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားပြီး အရပ်သား တဦးအား သတ်ဖြတ်ခဲ့ကာ နောက်ထပ်တဦးကိုလည်း နေအိမ်အတွင်း မီးရှို့သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီပူးပေါင်းစစ်ကြောင်း၏ ပစ်ခတ်မှုများကြောင့် ပြည်သူ (၄)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၁)ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။
#TachileikNewsAgency
Photo: ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့