စလင်းမြို့နယ်တွင် ရေပြန်ကျ၍ ရေဘေးရှောင်များနေရပ်ပြန်၊ ပျက်စီးမှုများပြား

စလင်းမြို့နယ်တွင် ရေပြန်ကျ၍ ရေဘေးရှောင်များနေရပ်ပြန်၊ ပျက်စီးမှုများပြား
By Tachileik News Agency

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ‌မြေနိမ့်ပိုင်းကျေးရွာများ ရေဝင်ရောက်ပြီး နေအိမ်၊ စိုက်ခင်းများ ပျက်စီးမှုများကြောင်း ဒေသကူညီကယ်ဆယ်ရေးလုပ်နေသူများထံမှ သိရသည်။

၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်၊ ညပိုင်းတွင် မုန်တိုင်းအရှိန်ကြောင့် စလင်းချောင်းရေမြင့်တက်ကာ စလင်းချောင်းတစ်လျှောက် အနိမ့်ပိုင်းကျေးရွာများ ရေမြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အခုတော့ ရေမရှိတော့ဘူးဗျ။ ရေပြန်ဆင်းသွားပါပြီ။ ရှင်းတုန်းလင်းတုန်းဆိုတော့ ပျက်စီးမှုအခြေအနေတော့ မပြောနိုင်သေးဘူး။ အိမ်ပျက်စီးမှုကတော့ တော်တော်များပါတယ်ဗျ။ လူအထိအခိုက်ကတော့ မသိရသေးဘူး။ အခုအချိန်မှ ပြန်စရှင်းလင်းကြတာဆိုတော့လေ။"ဟု  ဒေသကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

ရေမြှုပ်သွားသည့် ကျေးရွာများမှာ ကျီးသိုက်ကျေးရွာ၊ နောင်တော်ကြီးကျေးရွာ၊ ကညှပ်ကျေးရွာ၊ ပေါင်းဆည်ကျေးရွာ၊ ယမ်းဘိုကုန်းရွာ၊ နွယ်တမယ်ကျေးရွာ၊ ဥယျာဉ်စုကျေးရွာ၊ ခရေကုန်းကျေးရွာအပါအဝင် ချောင်းကမ်းဘေးရှိ ရွာ(၂၀)ဝန်းကျင် ရေမြှုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ဒေသခံတွေကတော့ ရေတက်လာတုန်းကတော့ ရွာလယ်မှာရှိတဲ့ ဓမ္မာရုံပေါ်တက်နေကြတယ်။ ရေးနည်းနည်းဆင်းတာနဲ့ သူတို့အိမ်ပြန်ပြီး ရှင်းလင်းရေးတွေလုပ်ကြတာဗျ။"ဟု ၎င်းကဆက်ပြောသည်။

ယမန်နေ့ညက စလင်းချောင်းရေလျံလာပြီး  ရွာတွင်း ရေဝင်လာသဖြင့် အိမ်ကျွတ်ထွက် ပျက်စီးခြင်း၊ ကားများမျောပါခြင်း၊ ထော်လာဂျီများ မျောပါခြင်းများ ဖြစ်ခဲ့သည့်အပြင်  စိုက်ခင်းများလည်း ရေဖုံးလွှမ်းသွားခဲ့သည်ဟု သိရသည်။