ငါန်းဇွန်မြို့နယ် မင်းနေကုန်းရွာ နယ်မြေရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်

ငါန်းဇွန်မြို့နယ် မင်းနေကုန်းရွာ နယ်မြေရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်

မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မင်းနေကုန်းရွာ နယ်မြေရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ပြီး အဆိုပါ ရဲစခန်းအား ပြန်လည်အသုံးပြု၍မရအောင် ဖျက်ဆီးခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ အဖွဲ့ထံမှ သိရသည်။

ငါန်းဇွန်မြို့နယ် မင်းနေကုန်းကျေးရွာ နယ်‌မြေရဲစခန်းမှ အင်အား (၂၀)ခန့်ရှိ စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ (၂၁)ရက်နေ့ နေ့လယ်နှစ်နာရီခွဲခန့်တွင် ကားများဖြင့် အပြင်ထွက်ရန်ပြင်ဆင်နေသည်ဟု သတင်းရရှိသဖြင့် ကြားဖြတ်တိုက်ခိုက်ရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ကြားဖြတ်တိုက်ခိုက်ရန် သွားရောက်စဉ် အချိန်အနည်းငယ်နောက်ကျခဲ့သဖြင့် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့သာရဲစခန်းသို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များမှ မင်းနေကုန်း ရဲစခန်းအထိ အနီးကပ်သွားရောက်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မရှိတော့သဖြင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ပြီး ဆိုင်ကယ်တစ်စီးအား သိမ်းဆီးခဲ့ကာ၊ စခန်းအားပြန်လည် အသုံးပြုနိုင်ခြင်း မရှိစေရန် ဖျက်ဆီးခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံမှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအား နဂါးနီပြောက်ကျားတပ်ဖွဲ့နှင့်အတူ မဟာမိတ်အဖွဲ့များ ဖြစ်ကြသည့် ဒေါင်းနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံနှင့် Hero people Defence Force-မြင်းခြံအဖွဲ့တို့မှ ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency