စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယာယီသမ္မတအဖြစ် ဆောင်ရွက်ခြင်းသည် အခြေခံဥပဒေနှင့်အညီဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းဆို

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယာယီသမ္မတအဖြစ် ဆောင်ရွက်ခြင်းသည် အခြေခံဥပဒေနှင့်အညီဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းဆို
ဇူလိုင် 24, 2024 | 2021 Military Coup

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယာယီသမ္မတအဖြစ် ဆောင်ရွက်ခြင်းသည် အခြေခံဥပဒေနှင့်အညီဖြစ်ကြောင်း စစ်ကောင်စီပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့တွင် သတင်းထုတ်ပြန် ပြောဆိုသည်။

စစ်ခေါင်းဆောင်သည် ကာကွယ်ရေးနှင့်လုံခြုံရေးကိစ္စရပ်များအတွက် အခြေခံဥပဒေနှင့်အညီ ယာယီသမ္မတအဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံတော်၏ အာဏာ (၃) ရပ်လုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အစိုးရအဖွဲ့ကသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇော်မင်းထွန်းက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၃၁) အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်အာဏာအား ကျင့်သုံးရာတွင် နိုင်ငံတော် သမ္မတအမည်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး၊ ပုဒ်မ ၄၁၂ (ခ) အရ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖြင့် ညှိနှိုင်းရာတွင် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်နိုင်ခြင်းမရှိပါက အဖွဲ့ဝင်များဖြစ်သည့် စစ်တပ်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးတို့နှင့် ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို ထုတ်ပြန်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း ၎င်းမှဆိုသည်။

ထို့အပြင် ယာယီသမ္မတ၏ ကျန်းမာရေးအခြေအနေအရ ကာလုံအစည်းအဝေးသို့ မတက်ရောက်နိုင်သည်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ယာယီသမ္မတလစ်လပ်သွားပါက ပုဒ်မ ၄၁၂ (ခ)ပါသည့် အခြေခံဥပဒေ၏ သဘောထားများအရ နိုင်ငံတော်၏ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိက ဆုံးဖြတ်ပေးရသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ဦးဆောင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၁၉) အရ နိုင်ငံတော်၏အုပ်ချုပ်ရေးအာဏာကို သမ္မတကိုယ်စားကျင့်သုံးဆောင်ရွက်လျက်ရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်ကြောင်း ဇော်မင်းထွန်းက ဆိုသည်။

ထို့အပြင် ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၁၇) အရ အရေးပေါ် ကာလမပြီးပြတ်သေးချိန်၌ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် ပါဝင်သည့် ပုဂ္ဂိုလ်အချို့ လစ်လပ်သွားပါက ကျန်ရှိသည့် ပုဂ္ဂိုလ်များက ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် တာဝန်များကို မလွဲမသွေ ဆက်လက်ဆောင်ရွက်သွားရမည်ဟု ပြဋ္ဌာန်းထားကြောင်း ၎င်းမှ ဆိုသည်။

ဆက်လက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၁၉) အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာကို နစက နှင့် အစိုးရအဖွဲ့ကသာပြုလုပ်သွားမည်ဖြစ်ပြီး ၊ နစက အနေဖြင့် ရှေ့လုပ်ငန်းစဉ် ဦးတည်ချက်များအတိုင်း လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို  ကျင်းပသွားမည်ဖြစ်ကြောင်း ဇော်မင်းထွန်းမှ ပြောဆိုခဲ့သည်။

#TachileikNewsAgency