ဂန့်‌ဂေါမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်သည့်လက်နက်ကြီး ကျေးရွာအတွင်း ကျရောက်ကာ အရပ်သား ၃ ဦး သေဆုံး ၉ ဦး ဒဏ်ရာရ

ဂန့်‌ဂေါမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်သည့်လက်နက်ကြီး ကျေးရွာအတွင်း ကျရောက်ကာ အရပ်သား ၃ ဦး သေဆုံး ၉ ဦး ဒဏ်ရာရ
စက်တင်ဘာ 19, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ ‌အရပ်သား (၃)ဦး သေဆုံးပြီး (၉)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာ ပျူစောထီးစခန်းမှ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၆)ရက်နေ့က (၁၂၀)မမဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်ခဲ့ရာ မြင်သားကျေးရွာရှိ နေအိမ်များပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။  

၎င်းလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သား(၉)ဦး လက်နက်ကြီးစ ထိမှန်ခဲ့ပြီး အသက်(၂၃)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက်(၂၀)အရွယ် အမျိုးသမီးတစ်ဦးတို့ နေရာတွင်ပင် သေဆုံးခဲ့ရ‌ကြောင်း ဂန့်ဂေါမြို့နယ် ပကဖက စက်တင်ဘာလ (၁၈)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ရင်ဘတ်နှင့် ယာဘက်ပေါင်သို့ လက်နက်ကြီးစ ထိမှန်ထားသည့် အသက်(၆၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာလည်း စက်တင်ဘာလ (၁၈)ရက်နေ့တွင် ဆေးကုသမှုခံယူရင်း ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

လက်ကြီးစထိမှန်သူများထဲတွင် ကလေးများပါဝင်ပြီး အသက်(၃)နှစ်အရွယ် မိန်းကလေးငယ်၏ ယာခြေသို့ လက်နက်ကြီးစ ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ အသက်(၄)နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ယာခြေသို့ လက်နက်ကြီးစ ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် အသက်(၁၁)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၏ ဝဲဘက်ခြေထောက်တို့ လက်နက်ကြီးစ ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အသက်(၇၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ဝဲဘက်လက်မောင်းရင်းကို လက်နက်ကြီးစ ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ အသက်(၄၂)နှစ်အရွယ် အမျိုးသားတစ်ဦး၏ ပေါင်ရင်းကို လက်နက်ကြီးစထိမှန်(စိုးရိမ်ရ)၊ အသက်(၃၇)နှစ်အရွယ် အမျိုးသားတစ်ဦး၏ ဝမ်းဗိုက်နှင့် ဝဲဘက်ခြေ‌ထောက်တို့ လက်နက်ကြီးစထိမှန်(စိုးရိမ်ရ)နှင့် အသက်(၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ယာနောက်ကျော (လက်မောင်းရင်း)ကို လက်နက်ကြီးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo :ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ