BGF နှင့် စစ်ကောင်စီတပ်စခန်းများကို ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးသီးအလုံး ၃၀‌ နီးပါးချတိုက်ခိုက်

BGF နှင့် စစ်ကောင်စီတပ်စခန်းများကို ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးသီးအလုံး ၃၀‌ နီးပါးချတိုက်ခိုက်

ကရင်ပြည်နယ် ဖားအံမြို့နယ် တပ်ရင်း(၁)နယ်မြေ ညောင်ကုန်းရွာအတွင်း တပ်စွဲထားသည့် အမှတ် (၁၀၁၄) BGF ညောင်ကုန်းတပ်စခန်းနှင့် စစ်ကောင်စီတပ်စခန်းကုန်းကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလ(၂၃)ရက်နေ့မှ အောက်တိုဘာလ(၂)ရက်နေ့အထိ ဒရုန်းစစ်ဆင်ရေးအဖြစ် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း အမှတ်-၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု၊ သထုံခရိုင်ထံမှ သိရသည်။

 

စစ်ကောင်စီတပ်စခန်းများကို အဆိုပါကာလအတွင်း ဒရုန်းစစ်ဆင်ရေး (၇)ကြိမ်ဖြင့် (၆၀)မမဗုံးသီး (၂၆) လုံး၊ (၈၁)မမ ဗုံးသီး(၂)လုံး ချတိုက်ခိုက်ခဲ့ပြီး BGF နှင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိသည်ဟု အမှတ်-၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု၊ သထုံခရိုင်က ယနေ့ အောက်တိုဘာလ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အမှတ်(၁၀၁၄) BGF ညောင်ကုန်းစခန်းသည် ခရီးသွားပြည်သူများအား ခြိမ်းခြောက်၍ ငွေကြေးကောက်ခံခြင်းနှင့် ဘားအံမြို့နယ် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေသည့်စခန်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကို UNITED DEMOCRATIC FORCE - UDFတပ်ဖွဲ့ မှ ဦးဆောင်၍ တပ်မဟာ(၁) Fedreal Wing Droneတပ်ဖွဲ့နှင့် KNLAပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမှတ်(၁၀၁၄) BGF ညောင်ကုန်းစခန်းအတွင်းရှိ လက်နက်နှင့်အတူ အလင်းဝင်လိုသည့် BGFနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား UNITED DEMOCRATIC FORCE - UDF မှ ဆုငွေကျပ် သိန်း(၁၀၀)ချီးမြှင့်သွားမည်ဖြစ်သည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : အမှတ် - ၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု၊ သထုံခရိုင်