မန္တလေးမြို့ရှိ စစ်ခေါင်းဆောင်ဖွင့်လှစ်ပေးခဲ့သည့် ရတနာပုံခန်းမဗုံးပေါက်၊ စစ်မှုထမ်းဥပဒေစာရွက်များကို ဝါဒဖြန့်လိုက်ဝေနေသည့် စကြာနွယ်စဉ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရ

မန္တလေးမြို့ရှိ စစ်ခေါင်းဆောင်ဖွင့်လှစ်ပေးခဲ့သည့် ရတနာပုံခန်းမဗုံးပေါက်၊ စစ်မှုထမ်းဥပဒေစာရွက်များကို ဝါဒဖြန့်လိုက်ဝေနေသည့် စကြာနွယ်စဉ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် (၇၈)လမ်းနှင့် (၃၈)လမ်းထောင့် ဒေါ်အောင်ဆန်းစုကြည်လမ်းဘေးရှိ စစ်ကောင်စီတပ်ပိုင် ရတနာပုံခန်းမကို ယနေ့ ၂၀၂၄ခုနှစ် မတ်လ (၁၉)ရက်နေ့ နံနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force-NMD ထံမှ သိရသည်။

မိုင်းခွဲတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးခြင်း ရှိ၊ မရှိနှင့် ပျက်စီးမှုအခြေအနေ အသေးစိတ်ကိုမူ မသိရသေးဟု No More Dictatorship People Defence Force-NMD မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါစစ်ကောင်စီပိုင် ရတနာပုံခန်းမသည် ၂၀၂၁ ခုနှစ် မေလတွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ဖွင့်လှစ်ခဲ့သည့် ခန်းမဖြစ်သည်။ 

ယမန်နေ့ မတ်လ(၁၈)ရက်နေ့ကလည်း Mandalay UG WolfARMY တပ်ဖွဲ့သည် မန္တလေးမြို့ (၇၄)လမ်းနှင့် (၃၇) လမ်းပေါ်ရှိ စကြာနွယ်စဉ် ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း၌ စစ်မှုထမ်းရန် ဝါဒဖြန့်စာရွက်များ လိုက်ဝေနေသည့် စစ်ကောင်စီတပ်ထောက်ခံသူများကို ဗုံးပစ်တိုက်ခိုက်ခဲ့သေးသည်။

“စာရွက်လိုက်ဝေနေတဲ့သတင်းကြားတော့ ပျူအုပ်စု စကြာနွယ်စဉ်ရပ်ကွက်ရုံးထဲ ခဏ၀င်နားပြီး အုပ်ချုပ်ရေးမှူးနဲ့ ထိုင်နေချိန် ၀င်ပေါက်လမ်းကြားထဲကို လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းလိုက်ပါတယ်။ အော်သံတစ်ချို့‌ ကြားလိုက်ရပါတယ်။”ဟု Mandalay UG Wolf ARMYမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ပြီးခဲ့သည့် မတ်လ(၁၇)ရက်နေ့တွင် မန္တလေးမြို့ရှိ မြို့ပြမြေအောက်တော်လှန်ရေးတပ်ဖွဲ့ (၁၂)ဖွဲ့ပူးပေါင်း၍ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး မန္တလေးမြို့ပေါ်တွင် အခွင့်ကောင်းယူ ငွေညှစ်နေသည့် မြို့နယ်(၇)ခုမှ လဝက၊ ထွေအုပ်၊ အုပ်ကြီး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများကို သတိပေးစာထုတ်ပြန်ခဲ့သည်။

သတိပေးစာတွင် မတရားခြိမ်းခြောက်ငွေညှစ်နေသည်ကို သိရှိရပြီး ၎င်းတို့၏ အမည်လိပ်စာနှင့် မိသားစုစာရင်းများ ရရှိထားပြီးဖြစ်ကာ မျက်ခြေမပြတ် စောင့်ကြည့်နေမည်ဖြစ်သည့်အပြင် ယခုလုပ်ရပ်များအား ပြည်သူမှ အမည်တပ်တိုင်ကြားလာပါက အမည်ထွက်လာသူကိုယ်တိုင် သွေးကြွေးဆပ်ရမည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency