မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဟိုတယ်နှင့်ရပ်ကွက်များရှိ အွန်လိုင်းလောင်းကစားများ နှင့် ငါးဂိမ်းခုံများထံကနေ လစဉ်ကြေးရယူပြီး ဖွင့်လှစ်ခွင့်ပေးထားသည့် တာချီလိတ်ရဲတပ်ဖွဲ့က လစဉ်ကြေး မရရှိသည့် သုံးလုံးချဲထီ ကိုယ်စားလှယ် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးပြီး လောင်းကစား ဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။
၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့က တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း ပါလျှံ(၁)ရှိ “ငွေလမင်း”ကွမ်းယာဆိုင်တွင် သုံးလုံးချဲထီရောင်းချနေသည်ဟုဆိုကာ ဟောင်လိတ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွမ်းယာဆိုင်တွင် သုံးလုံးချဲထီရောင်းချနေသူဟုဆိုသည့် မဌေးဌေး အား ဖမ်းဆီးလိုက်ပြီး ချဲထီဘောင်ချာစာအုပ် အနည်းငယ် အပါအဝင် ထိုင်းဘတ်ငွေ(၅,၀၀၀)ကျော်ကို သက်သေခံပစ္စည်းများအဖြစ် သိမ်းဆည်းသွားကြောင်း သိရသည်။
လက်ရှိတွင် မဌေးဌေးအား ဟောင်လိတ်နယ်မြေရဲစခန်းတွင် (ပ)၄၅/၂၀၂၅၊ ၂၀၁၉ ခုနှစ် လောင်းကစားဥပဒေပုဒ်မ- ၁၈(က)ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။
"မနေ့က ပါလျှံ(၁)ထဲက အသိတစ်ယောက် ဖမ်းခံလိုက်ရတယ်။ ချဲရောင်းလို့တဲ့။ ဒါက လောင်းကစားဥပဒေနဲ့ ငြိတယ်ဆိုပြီး ဖမ်းတာလို့ ပြောတယ်။ တာချီလိတ်မြို့မှာ လောင်းကစားလုပ်ငန်း အကြီးကြီးတွေရှိတာကိုတော့ မတို့ရဲ မထိရဲဘဲ ချဲထီကိုတော့ ဖမ်းသတဲ့။ ဘယ်နေ့ သုံးဆယ့်ခြောက်ကောင်ကိုလည်း ဖမ်းဦးမလဲ မသိဘူး။ ဟိုတယ်ကြီးတွေမှာ ဖွင့်ထားတဲ့ လောင်းကစားတွေနဲ့ ရပ်ကွက်ထဲက ငါးဂိမ်းခုံတွေကိုတော့ သူတို့တွေ မတို့ရဲ မထိရဲကြဘူး။ ထိရင်လည်း သူတို့ ငတ်မှာဆိုတော့လေ။"ဟု ဒေသခံ အမျိုးသမီးတစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီလ(၁၇)ရက်နေ့တွင် ပြောသည်။
တာချီလိတ်မြို့တွင် ဟိုတယ်ကြီးများ အပါအဝင် နေရာတော်တော်များများတွင် အွန်လိုင်းလောင်းကစားလုပ်ငန်းများ နှင့် ရပ်ကွက်အတွင်း ငါးမန်းဂိမ်းခုံများကို တာချီလိတ်ရဲတပ်ဖွဲ့က လစဉ် ငွေကြေးရယူကာ ဖွင့်လှစ်ခွင့်ပေးထားသော်လည်း ဖေဖော်ဝါရီလ၏ ဒုတိယပတ်အတွင်း စီမံချက်ဖြင့် ဖမ်းဆီးရေး လုပ်ဆောင်ရာတွင် ၎င်းတို့နှင့် အပေးအယူ အဆင်မပြေသည့် နေရာ(၂)နေရာကိုသာ ရွေးချယ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ ဗဟိုက ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် အစည်းအဝေးတွင် လောင်းကစားလုပ်ငန်းများကို ပြတ်ပြတ်သားသား အရေးယူရမည်ဟု ပြောကြားထားသည့်အတွက် တာချီလိတ်မြို့နယ်တစ်ခုလုံးအနေဖြင့် ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း နေရာ(၂)နေရာမှ ထိုင်းနိုင်ငံသား (၇)ဦး နှင့် မြန်မာနိုင်ငံသား အပါအဝင် စုစုပေါင်း(၂၉)ဦးကို အဖမ်းပြခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ (ကျိုင်းတုံ) နှင့် တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့တို့သည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လောင်းကစားနှိမ်နင်းရေး လုပ်ငန်းစဉ်ကို လစ်လျှူရှုပြီး အောက်ခြေတွင် အဂတိလိုက်စားမှုများဖြင့် ထင်တိုင်းကြဲနေခြင်း ဖြစ်သည်ဟု ရဲအငြိမ်းစားတစ်ဦးက ပြောသည်။
"အထက်ရဲ့ စီမံချက်အရ လောင်းကစားလုပ်ငန်းတွေကို အဖမ်းပြတဲ့အခါ အခုလို ချဲထီရောင်းတာလောက်ကို အဖမ်းပြတဲ့ထဲ ထည့်ပြီး ဖမ်းပြတာကတော့ ရဲသိက္ခာကျလွန်းတာပေါ့ဗျာ။ ဒေသခံတွေကတော့ ရယ်နေမှာပဲ။ မှတ်တမ်းပုံရချင်တယ်ဆိုရင် ကျွန်တော်တို့ လိုက်လံ အသိပညာပေးမှုတွေ လုပ်ဆောင်ပါတယ်ဆိုပြီး အသိပညာပေးတာကို မှတ်တမ်းပုံနဲ့တကွ အထက်ကို တင်ပြရင် ရနေတာကို။ အခုတော့ မမျှမတတွေ လုပ်နေတာကို မျက်နှာပူစရာပါပဲဗျာ။ အထက်လူကြီးက ပြတ်ပြတ်သားသား လုပ်မယ်ပြောပေမဲ့ အောက်ခြေမှာက မထင်မဲ့မြင် လုပ်နေကြတယ်လို့ မြင်မိတယ်"ဟု အမည်မဖော်လိုသည့် ရဲအငြိမ်းစားတစ်ဦးက ပြောသည်။