စစ်ကိုင်းတိုင်း ဘုတလင်မြို့တွင် နေအိမ်များကိုမီးရှို့ရန်နှင့် လူသတ်ရန် သင်္ကန်းဝတ် ဝါသဝက အဓိကကိုင်တွယ်နေခြင်းဖြစ်ပြီး အင်အား (၁၀၀၀)ဝန်းကျင်နှင့် စစ်ကြောင်းထိုးနေကြောင်း သိရသည်။
ဘုတလင်မြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလက စစ်ကောင်းစီတပ်များ တပ်ရင်းလိုက် ပြုတ်သွားသည့်အထဲတွင် ဝါသဝ၏ ကွန်မန်ဒိုတပ်သား (၃၀)ဦးခန့်ပါသွားခြင်းကြောင့် ၎င်း၏ အမိန့်ဖြင့် ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု သတင်းအရင်းအမြစ်က ဆိုသည်။
“အဆိုးဆုံးတစ်ခုက ဒီစစ်ဆင်ရေးကို နမခ က ကိုင်တွယ်တာမဟုတ်ဘဲ ဝါသဝ ကိုင်တွယ်နေတာ။ ဝါသဝ က သူ့ကွန်မန်ဒို (၃၀)ဦး ကျသွားတဲ့အတွက် ဘုတလင်မြို့နယ်အတွင်းက ကျေးရွာတိုင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးဖို့ စေခိုင်းနေတာ။ ”ဟု သတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ဝါသဝ၏တပ်များသည် ဘုတလင်မြို့နယ် အင်းတဲရွာ ပတ်ချာလည်ကို စစ်ကြောင်းဆက်ထိုးနေပြီး ဒေသခံများလည်း ဖမ်းဆီးခံနေရာကာ လူသားဒိုင်းအဖြစ် အသုံးပြုခံနေရသည်ဟု တော်လှန်ရေးတပ်များက ဆိုသည်။
“ဘုတလင်အခြေအနေကတော့ မငြိမ်သေးဘူး။ ဆက်တိုက် ရွာတွေကို ဖျက်ဆီးနေတုန်းပဲ ။ စစ်ကြောင်းပတ်ထိုးနေတာ အရင်ကလို ရာဂဏန်းမဟုတ်ဘဲ စစ်ကြောင်းက ထောင်ကျော်နဲ့ ပတ်ထိုးနေတာ။ လက်ရှိကတော့ စစ်ကြောင်းက ဘုတလင်မြို့နယ်ထဲမှာပဲ ဆက် ရှိနေသေးတယ်။ တိုက်ပွဲလည်းဖြစ်တယ်။ စစ်ကောင်စီစစ်ကြောင်း ဒီနေ့ မြောက်ကျီရွာကိုပြန်ထွက်ပါတယ်။”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက Tachileik News Agency ကို ပြောသည်။
စက်တင်ဘာလ (၃၀)ရက်နေ့က ဘုတလင်မြို့နယ် ကူတော်ရွာ ရဲကင်းစခန်းမှ ဘုတလင်သို့ ပြန်လာသော စစ်ကောင်စီတပ်မှ ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင်သော ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ (၂၂၉)၊ နမခတိုင်း လက်အောက်ခံ ပူးပေါင်းအင်အား (၈၅)ဦးပါ စစ်ကြောင်းအား စီပါရွာအနောက်တောင်ဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၃၃)ဦး သေဆုံးပြီး ဗိုလ်ကြီး(၂)ဦးပါ စစ်သုံ့ပန်း (၄၃)ဦး လက်နက်ချအညံ့ခံကာ လက်နက်မျိုးစုံ (၅၆)လက်နှင့် ခဲယမ်းမီးကျောက်များကို တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိခဲ့သည့်ဖြစ်စဉ်ကြောင့် စီပါကျေးရွာ အပါ ကျေးရွာတချို့ကို စစ်ကောင်စီတပ်က ပြန်လည် စစ်ကြာင်းထိုးခြင်းဖြစ်သည်။
ယင်းနောက် မုံရွာရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အင်အား(၁၀၀)ဝန်းကျင်ပါ စစ်ကောင်စီတပ်သည် ဘုတလင်မြို့နယ်ကို စစ်ကြောင်းထိုးပြီး တက်လှိုင်းရွာမှ တစ်အိမ်၊ စီပါရွာမှ (၂၉၃)အိမ်၊ ကျွဲသေချောင်းမှ (၄၅)အိမ်၊ ဆည်ဝရွာမှ (၁၁)အိမ်နှင့် နွားတဲ (၃)လုံး၊ ဆည်ဝရွာသစ်မှ (၂၈)အိမ်နှင့် နွားတဲ(၆)လုံး၊ အိုင်ပေါင်းချောင်ရွာမှ အိမ်(၂၀)နှင့် နွားတဲ တစ်လုံးနှင့် စိုင်ပြင်လေးရွာမှ နေအိမ်(၂၆)လုံးတို့ကို မီးရှို့သွားပြီး အရပ်သား (၂၀)ကျော်ကို သတ်ဖြတ်ကာ ဆက်လက်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
"စစ်ကောင်စီ စစ်ကြောင်းကတော့ နောက်ပြန်ဆုတ်မဲ့ ပုံစံမျိုးတော့ မမြင်မိဘူး။ ဒီမနက်လည်း တိုက်ပွဲဖြစ်ကြတယ်။ တိုက်ပွဲကတော့ နေ့တိုင်း လိုလိုဖြစ်နေတယ်။ တဖွဲ့မဟုတ် တစ်ဖွဲ့နဲ့ ထိတွေ့မှု ဖြစ်တယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။
ဘုတလင်မြို့နယ်သည် စစ်ကိုင်းတိုင်း အောက်ချင်းတွင်းခရိုင်တွင်းရှိ ဘုတလင်မြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်ပြီး အောက်ချင်းတွင်းခရိုင်အတွင်း ထင်ရှားသော မြို့တစ်မြို့ဖြစ်ကာ မုံရွာမြို့၏ မြောက်ဘက် မိုင်(၂ဝ)ခန့်အကွာတွင် ရှိသည်။
မြို့နယ်တစ်ခုလုံးသည် (၄၅၁)စတုရန်းမိုင်ကျယ်ဝန်းပြီး သူကြီးတိုက်နယ် (၄၉)နယ်နှင့် ကျေးရွာပေါင်း (၁၇၅)ရွာရှိသည်။
#TachileikNewsAgency
Photo: Internet (ပုံဟောင်း)