စစ်သင်တန်းတက်နေရသူများနှင့် စစ်ကောင်စီတပ်သားများ အားလုံး ကြံ့ဖွံ့ပါတီကို မဲပေးရမည်ဟု ကြိုတင် ဖိအားပေးထား
* * * * *
စစ်ကောင်စီက ပြုလုပ်မည့် လာမည့် ရွေးကောက်ပွဲတွင် စစ်သင်တန်းတက်နေရသူများနှင့် စစ်ကောင်စီတပ်သားများအားလုံး ကြံ့ဖွံ့(USDP)ပါတီကို မဲပေးရမည်ဟု စစ်ကောင်စီတပ်က ကြိုတင် ဖိအားပေးပြောဆိုနေကြောင်း တပ်တွင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။
စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်နေရသူများနှင့် ပေါ်တာဆွဲခံရ၍ စစ်သင်တန်းတက်နေရသူများအပြင် ရှေ့တန်းထွက်နေရသူများပါ ကြံ့ဖွံ့ပါတီကိုသာ မဲပေးကြရမည်ဟု ဖိအားပေးပြောဆိုထားသည်ဟု ဆိုသည်။
“စစ်သင်တန်းတက်တဲ့ ကောင်အကုန် သူတို့ သတ်မှတ်ထားတဲ့ ပါတီပဲ မဲပေးရမယ်လို့ သတ်မှတ်ထားတယ်။ လောလောဆယ်တော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲစာရင်းတွေကို ဌာနဆိုင်ရာတချို့ရဲ့ လိုင်းခန်းတွေမှာ ကောက်နေတယ်။ မရှိတော့တဲ့ လူတွေကိုပါ ရှိတယ်လို့လုပ်ပြီး စာရင်းတွေကောက်နေတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကပဲ စာရင်းကောက်နေတာ။”ဟု တပ်တွင်း သတင်းအရင်းအမြစ်က Tachileik News Agency ကို ၂၀၂၅ခုနှစ် မတ်လ(၂၆)ရက်နေ့တွင် ပြောသည်။
စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် အပတ်စဉ်တစ်ခုလျှင် လူဦးရေ(၄၅၀၀)ဝန်းကျင်နှုန်း ခေါ်ယူပြီး စစ်သင်တန်းပေးနေရာ အပတ်စဉ်(၁၂)အထိ ရောက်ရှိလာပြီဖြစ်သည်။
ထို့အပြင် စစ်ခေါင်းဆောင်သည် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူခြင်း လုပ်ငန်း ရာနှုန်းပြည့်လုပ်ဆောင်ပြီးဖြစ်၍ ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန်မှာ (၉)လခန့်သာ ကျန်ရှိကြောင်း ပြောဆိုထားသည်။
စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကို အောက်တိုဘာ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူခဲ့ပြီး ရှေ့ပြေးလူဦးရေစာရင်းထုတ်ပြန်ရာ လူဦးရေ(၅၁)သန်းကျော်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း စစ်ကောင်စီ ကောက်ယူနိုင်ခဲ့သောစာရင်းမှာ လူဦးရေ(၃၂)သန်းကျော်သာဖြစ်ပြီး စာရင်းမကောက်နိုင်သည့် ဒေသများအတွက် လူဦးရေ(၁၉)သန်းကို ခန့်မှန်းပေါင်းထည့်ထားခြင်းဖြစ်သည်။
"ရွေးကောက်ပွဲအား ၂၀၂၅ခုနှစ် ဒီဇင်ဘာလ၏ ဒုတိယပတ် နှင့် တတိယပတ်၊ ဇန်နဝါရီလ၏ ပထမပတ် နှင့် ဒုတိယပတ်အတွင်းတို့တွင် ကျင်းပရန် လျာထားပြီး ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန်အတွက် ကြိုတင်ပြင် ဆင်မှုများကို ပြုလုပ်နိုင်ရေး အချိန်ကာလအားဖြင့် (၉)လခန့်ကျန်ရှိသာကျန်ရှိ၍ ကြိုတင်ပြင်ဆင်ချိန် ပေးသွား မည်ဖြစ်ကြောင်းနှင့် မည်သို့ပင် ဖြစ်စေ လာမည့် နှစ်ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပ ပြီးစီးရန်လိုကြောင်း။"ဟု စစ်ခေါင်းဆောင်က ယမန်နေ့ အစည်းအဝေးတွင် ပြောသည်။
ယခင်ရွေး ကောက်ပွဲများတွင် ကျင့်သုံးခဲ့သည့် မဲများသူအနိုင်ရသည့်စနစ် (First Past The Post) FPTP စနစ်အ ပြင် အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့တွင် PR စနစ်ကို ပေါင်းစပ်ကျင့်သုံးနိုင်ရေး လျာထား သည်ဟုလည်း ဆိုသည်။
ရွေးကောက်ပွဲလုပ်မည့် စစ်ကောင်စီသည် မြို့ပေါင်း(၉၀)ကျော်ကို လက်လွှတ်ထားရပြီး မြို့အများစုတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။