စစ်ကောင်စီအကောင်အထည်ဖော်နေသည့် ပြည်သူ့လုံခြုံရေးအစီအစဉ်တွင် ပူးပေါင်းပါဝင်သူများအား အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (AD) အသိပေး

စစ်ကောင်စီအကောင်အထည်ဖော်နေသည့် ပြည်သူ့လုံခြုံရေးအစီအစဉ်တွင် ပူးပေါင်းပါဝင်သူများအား အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (AD) အသိပေး

စစ်ကောင်စီအကောင်အထည်ဖော်နေသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအစီအစဉ်တွင် ပူးပေါင်းပါဝင်သူများအား အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (AD) မှ ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၉) ရက်နေ့တွင် ထုတ်ပြန်သည်။

မွန်ပြည်သစ်ပါတီ (AD) နှင့် သက်ဆိုင်သည့် မြို့နယ်နှင့် ဒေသများအတွင်း စစ်ကောင်စီမှ စီစဉ်နေသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအစီအစဉ်အတွက် ပြည်သူများအား စုဆောင်းခြင်းမပြုလုပ်ရန်နှင့် မလိုက်နာသည့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းပါဝင်သူများအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် နိုင်ငံအနှံ့အပြားတွင် အဖက်ဖက်မှ တိုက်ခိုက်ခံနေရပြီး တပ်သားထွက်ပြေးမှုများ ၊ လက်နက်ချအညံခံမှုများနှင့် တပ်စခန်းများသိမ်းပိုက်ခံရခြင်းတို့ကြောင့် အင်အားလျော့နည်းလာနေပြီး ၊ လျော့နည်းနေသည့် အင်အားများကို ပြန်လည်ဖြည့်တင်းရန် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (AD) က ဆိုသည်။

စစ်ကောင်စီကို ပြန်လည်အင်အားဖြည့်၊ ပြန်လည်အသက်သွင်းသည့် မည်သည့်လုပ်ရပ်မဆို မွန်ပြည်သစ်ပါတီ (AD) အနေဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် သြဂုတ်လ (၁၆) ရက်နေ့တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ရပ်ကျေးနှင့် မြို့နယ်အဆင့်တွင် အကောင်အထည်ဖော်နိုင်ရန်အတွက် အသက် (၃၅)နှစ် မှ (၆၅) နှစ်ကြား ပြည်သူများအား စုဆောင်းခေါ်ယူရန် ဆောင်ရွက်နေသည်။

#TachileikNewsAgency