မြန်မာနိုင်ငံတဝှမ်း စစ်ကောင်စီတပ်ဖွဲ့သတ်ဖြတ်ခြင်းကြောင့် သေဆုံးသူ အရပ်သား ၁၃၀၀ ကျော်ရှိလာပြီး အညာဒေသအများဆုံးဖြစ်နေ

မြန်မာနိုင်ငံတဝှမ်း စစ်ကောင်စီတပ်ဖွဲ့သတ်ဖြတ်ခြင်းကြောင့် သေဆုံးသူ အရပ်သား ၁၃၀၀ ကျော်ရှိလာပြီး အညာဒေသအများဆုံးဖြစ်နေ

မြန်မာနိုင်ငံတဝှမ်း စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က နည်းအမျိုးမျိုးဖြင့် ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုပေါင်း(၄၄၁)မှုရှိခဲ့ပြီး အရပ်သား(၁၃၆၃)ဦးသေဆုံးခဲ့ရကာ အများစုမှာ အညာဒေသမှဖြစ်ကြောင်း ညီမျှခြင်းမြန်မာ၏ ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၈)ရက်နေ့တွင် ထုတ်ပြန်သည့် ရန်ငြိုးဖွဲ့ချေမှုန်းခံနေရတဲ့ အရပ်သားပြည်သူများ အစီရင်ခံစာအရ သိရသည်။

အဆိုပါ အစီရင်ခံစာကို ၂၀၂၁ခုနှစ် ဇူလိုင်လနှင့် ၂၀၂၃ခုနှစ် မတ်လကြားအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် အပေါင်းအပါများဖြစ်သည့် ပြည်သူ့စစ်၊ ပျူစောထီးနှင့် သွေးသောက်စသည့် အဖွဲ့အစည်းများ၏ သတ်ဖြတ်မှုများကို စာရင်းပြုစုထားခြင်းဖြစ်ကြောင်း သိရသည်။

“အမှုဖြစ်စဉ်ပေါင်း (၄၄၁)မှုမှာ (၃၇၉)မှုက တာဝန်ရှိသူတွေက စစ်တပ်ဖြစ်တယ်လို့ပြောထားတယ်။ (၃၆)မှုကတော့ ပျူစောထီးအဖွဲ့ဝင်တွေက ကျူးလွန်ခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ နောက်တစ်ခုကတော့ ရဲတပ်ဖွဲ့က ကျူးလွန်တဲ့အမှုဖြစ်စဉ်ပေါင်း (၁၂)ခုကို ကျွန်မတို့လက်ခံရရှိခဲ့ပါတယ်။ စစ်တပ်မဟုတ်တဲ့ ပူးပေါင်းအဖွဲ့တွေသော်လည်းကောင်း စစ်တပ်အနွယ်ဝင်သော်လည်းကောင်း ဒီအဖွဲ့တွေက ကျူးလွန်ခဲ့တာကတော့ (၄)ခုရှိပါတယ်။ ကျန်တဲ့ (၈)မှုကတော့ မည်သူမည်ဝါကျူးလွန်ခဲ့တယ်ဆိုတာကို အခုချိန်ထိ မသိရသေးပါဘူး။”ဟု ညီမျှခြင်းမြန်မာမှ အချက်အလက်စုဆောင်းသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် အပေါင်းအပါများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူများတွင် (၇၃၅)ဦးမှာ အရွယ်ရောက်ပြီးသော အမျိုးသားများဖြစ်ပြီး အမျိုးသမီး (၁၄၃)ဦးနှင့် (၁၈)နှစ်အောက်ကလေး (၆၉)ဦးဖြစ်ကာ ကျန်(၂၈)ရာခိုင်နှုန်းကိုမူ အတည်မပြုနိုင်သေးဘဲ မသန်စွမ်းသူများအား သတ်ဖြတ်မှု (၁၀)ခုလည်းရှိသည်ဟု သိရသည်။

သတ်ဖြတ်ခံရမှုအများဆုံးမှာ စစ်ကိုင်းတိုင်းတွင်အများဆုံးနှင့် ဒုတိယအများဆုံးမှာ မကွေးတိုင်းဖြစ်ပြီး ယင်းဒေသများတွင် စစ်ကောင်စီတပ်ဖွဲ့က ဦးခေါင်းကို သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ မီးရှို့သတ်ခြင်း၊ ခေါင်းဖြတ်သတ်ခြင်း၊ လက်နက်ကြီးထိမှန်ခြင်းနှင့် မုဒိမ်းကျင့်သတ်ခြင်းများကို ကျူးလွန်ခဲ့ကြောင်း သိရသည်။

၎င်းတို့ပြုစုထားသည့် အချက်အလက်များအရ သေဆုံးသူများမှာ သေနတ်ဖြင့် ပစ်ခတ်ခံရသူ(၂၇၂)ဦး၊ မီးလောင်မှုကြောင့် ဆက်စပ်သေဆုံးသူ (၆၄)ဦး၊ ဦးခေါင်းဖြတ်ခံရသူ(၃၅)ဦး၊ လက်နက်ကြီးထိမှန်သေဆုံးသူ (၂၈)ဦးနှင့် မုဒိမ်းကျင့်သတ်ဖြတ်ခံရသူ (၁၅)ဦးရှိကာ ကျန်ရှိနေသည့် (၉၄၉)ဦးမှာ မည်သို့အသတ်ခံရသည်ကိုမူ မသိရသေးဟုဆိုသည်။

“ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေမပါဘူးလားဆိုတော့ ပါတယ်။ သို့သော် ဗမာတိုင်းရင်းသားအများစုနေတဲ့ နေရာတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဗမာတိုင်းရင်းသားတွေများတယ်လို့ ပြောလို့ရနိုင်ပါတယ်။”ဟု ညီမျှခြင်းမြန်မာမှ အချက်အလက်စုဆောင်းသူတစ်ဦးက ပြောသည်။

အဆိုပါ အရပ်သားသေဆုံးမှုစာရင်းမှာ ၎င်းတို့လက်လှမ်းမှီသမျှ ကောက်ယူထားသည့် အချက်အလက်များဖြစ်ပြီး မြေပြင်တွင် ယင်းသေဆုံးမှုစာရင်းထက် ပိုများနိုင်ကြောင်းလည်း ညီမျှခြင်းမြန်မာက ဆိုသည်။

#TachileikNewsAgency