ရွှေကုက္ကိုလ်တွင် ကျားဖြန့်အရေး တရုတ်- မြန်မာ - ထိုင်း သုံးပွင့်ဆိုင် ဆွေးနွေး

ရွှေကုက္ကိုလ်တွင် ကျားဖြန့်အရေး တရုတ်- မြန်မာ - ထိုင်း သုံးပွင့်ဆိုင် ဆွေးနွေး

 ကျားဖြန့်အရေးနှင့်ပါတ်သက်ပြီး တရုတ် - မြန်မာ နှင့် ထိုင်း သုံးပွင့်ဆိုင် အစည်းအဝေးကို ကရင်ပြည်နယ် ရွှေကုက္ကိုလ်မြို့၌ ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့တွင် ဆွေးနွေးကြသည်ဟု သိရသည်။

ယနေ့တွင် ရွှေကုက္ကိုလ်မြို့သို့ ရောက်ရှိလာသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့ လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး  လျူရှောင်ယီသည် BGF ဌာနချုပ် ရွှေကုက္ကိုလ်မြို့ကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ ရောက်ရှိလာပြီးနောက် သုံးပွင့်ဆိုင်ဆွေး နွေးကြသည်ဟု ဆိုသည်။ 

“ကျွန်တော်တို့နဲ့တော့ မဆွေးနွေးဖြစ်ဘူး။ တရုတ်နိုင်ငံက တာဝန်ရှိသူ အကြီးအကဲနဲ့ ထိုင်းနိုင်ငံက တာဝန်ရှိသူ အကြီးအကဲတွေပါလာတယ်။ မြန်မာက တာဝန်ရှိသူတွေနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးကြတာပေါ့။”ဟု BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး နိုင်မောင်ဇော်က Tachileik News Agency ကို ပြောသည်။

သုံးနိုင်ငံဆွေးနွေးမှုတွင် ကျားဖြန့်လုပ်ငန်းအတွင်း လူကုန်ကူးခံရသူများအား နေရပ်ပြန်ပို့ရေး ကိစ္စများ၊ ရှေ့ဆက်လုပ်ဆောင်မည့် ကိစ္စများကို ဆွေးနွေးကြသည်ဟု ဆိုသည်။

“ဒီနေ့ ကျွန်တော်တို့ သိသလောက်ကတော့ တစ်သုပ်ကို လူ ၂၀၀ နှုန်း လက်ခံမယ်လို့ သိရတယ်။ ဒါကတော့ အကြီးအကဲတွေဆီက ကြားသိရတာပေါ့နော်။ လက်ရှိကတော့ အနေအထားတစ်ခုကတော့ မကြာခင်ရက်ပိုင်းအတွင်းမှာ လွှဲပြောင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။”ဟု ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။

မကြာခင်ရက်ပိုင်းအတွင်း လွှဲပြောင်းမည့် ဒုတိယအသုပ်တွင် တရုတ်နိုင်ငံသား အများဆုံး ပါဝင်နေပြီး ထိုင်းနိုင်ငံတွင် အခြေစိုက်ထားသည့် သံရုံးမရှိသော နိုင်ငံခြားသားများကြောင့် ပြန်ပို့ရန် အခက်အခဲရှိသည်ဟုလည်း ဆိုသည်။

ဆွေးနွေးမှုတွင် မြန်မာနိုင်ငံဘက်က စစ်ကောင်စီပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်က ဦးဆောင်သည်ဟုလည်း သိရသည်။

“ဆွေးနွေးမှုက ရလဒ်ကောင်းတယ်လို့ ကြားရတယ်ပေါ့နော်။ ဒါဝမ်းသာစရာပါပဲ။”ဟု ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။

တရုတ်ပြည်သူ့ လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး လျူရှောင်ယီသည် BGF ဌာနချုပ် ရွှေကုက္ကိုလ်မြို့ကို ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့မှတဆင့် ရောက်ရှိနေပြီး ကျားဖြန့်/လူမှောင်ခို ပပျောက် နှိမ်နင်းရေးအထူးအဖွဲ့၏ ကျားဖြန့်တိုက်ဖျက်ရေးအခြေအနေများကိုလည်း ကြည့်ရှုသည်ဟု သိရသည်။



 

တရုတ်ပြည်သူ့ လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး လျူရှောင်ယီသည် ဖေဖော်ဝါရီလ(၁၆)ရက်နေ့က မြန်မာနိုင်ငံမှ ထိုင်းနိုင် ငံ ဘန်ကောက်မြို့သို့ ရောက်ရှိလာပြီးနောက် ယင်းနေ့ညနေပိုင်းတွင် ထိုင်း - မြန်မာ နယ်စပ် မဲဆောက်မြို့သို့ ရောက်လာသည်ဟု သိရသည်။

၎င်းတို့အဖွဲ့သည် စစ်ကောင်စီနှင့်လည်း  နယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများတိုက်ဖျက်ရေးအတွက် ဖေဖော်ဝါရီလ (၁၄)ရက်နေ့က နေပြည်တော်၌ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

လက်ရှိတွင် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား (၁,၀၃၀) ဦးကို ဖေဖော်ဝါရီလ(၁၆)ရက်နေ့အထိ စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့အနက်မှ (၆၁)ဦးကို ထိုင်းနိုင်ငံသို့  လွှဲ ပြောင်းပေးပြီးဖြစ်ကာ ကျန်ရှိ(၉၆၉)ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။