ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်းခမ်းဒေသတွင် ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းထဲတွင် ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်(DPLA)ရဲဘော်တစ်ဦး၏ အစ်ကိုဖြစ်သူ ပါဝင်လာသဖြင့် ပြန်လည်ဆုံတွေ့ကြသည်ဟု သိရသည်။
ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် တောင်းခမ်းဒေသရှိ အမြောက်တပ်(၉၀၂)နှင့် အမြောက်တပ်(၄၀၆) တို့မှ ထွက်လာရာက TNLA ပူးပေါင်း DPLA တပ်များနှင့် တောင်းခမ်းဒေသတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်သုံ့ပန်း(၅)ဦးကို ဖမ်းဆီးရမိရာ DPLA ရဲဘော်တစ်ဦး၏ အစ်ကိုလည်း ပါဝင်လာခြင်းဖြစ်သည်။
“စစ်ကောင်စီတပ်သားတွေ ဖမ်းမိတဲ့အထဲမှာ ရဲဘော်ရဲ့အစ်ကို ပါလာတယ်။ ကျွန်တော်တို့ရဲဘော်တွေထဲမှာလည်း သူ့ညီအရင်းပါတော့ သူတိုချင်းတွေပြီးတော့မှ အခုလိုမျိုးတွေ့ဆုံကြတာဗျ။ သူ့ညီလေးကတော့ သူ့အစ်ကို ကို ပြုစုနေတယ်ပေါ့ဗျာ။ ဒဏ်ရာကြီးကြီးမားမားတော့ မရှိပါဘူး။ ပွန်းတာ ပဲ့တာလောက်ပါပဲ ပြုစုနေတာရှိတယ် ။ စားချင်တာကျွေးနေတယ်ဗျ။”ဟု DPLA ရဲဘော်တစ်ဦးက Tachileik News Agency ကို ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သားများသည် အလင်းဝင်လာခြင်း မဟုတ်ဘဲ တောင်းခမ်းဒေသတွင်ပင် တိုက်ပွဲဖြစ်ပြီး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် တိုက်ပွဲပြင်းထန်နေသည်ဟုလည်း သိရသည်။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး ( Danu People's Liberation Front - DPLF ) ရဲဘော်၏ အစ်ကို ဖြစ်သူမှာ စစ်ကောင်စီတပ်ထဲတွင် အနေကြာနေသူဖြစ်ပြီး ရာထူးအနေဖြင့် တပ်ကြပ်အဆင့်ရှိသူ ဖြစ်ကြောင်း သိရသည်။
“အခုလောလောဆယ်တော့ ဖြစ်စဉ်အားလုံး မသိရသေးဘူး။ သူ့အစ်ကိုက နဂိုကတည်းက စစ်တပ်ထဲမှာရှိနေတာ။ ရဲဘော်ကတော့ တော်လှန်ရေး DPLA ကို ဝင်လာတာ။ သူ့အစ်ကိုက စစ်ကောင်စီတပ်ထဲမှာ ရှိတယ်ဆိုတာကတော့ ကျွန်တော်တိုလည်း ဒီနေ့မှ သိရတာပါဗျ။ သေသေချာချာတော့ မသိရသေးဘူး။ သူတိုလုံးဝအဆက်အ သွယ်မရတာ ကြာပြီလိုတော့ သိရတယ်။”ဟု DPLA ရဲဘော်တစ်ဦးက ပြောသည်။
နောင်ချိုမြိုတောင်ဘက် တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ(၂၀၆)၊အမ(၄၀၆)တိုကို TNLA ၊ PDF နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့်နှစ်ကပင် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။