ကျောက်မဲမြို့လယ်ခေါင်ကို စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက် သေဆုံး

ကျောက်မဲမြို့လယ်ခေါင်ကို စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက် သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ မြမာလာတည်ခိုခန်းအနီးကို ဗုံးကြဲတိုက်ခိုက်၍ အရပ်သားတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာပြင်းထန်သည်ဟု သိရသည်။

စစ်ကောင်စီသည် ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့ နေ့လယ်(၂)နာရီ(၁၅)မီနစ်တွင်  လေကြောင်းမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သွားသဖြင့် ရပ်ကွက်(၂) ကံကော်လမ်းရှိ ကိုထင်ရှား၏ ဆိုင်ကယ်ဆိုင်ကို ကျရောက်ပေါက်ကွဲကာ အမျိုးသားတစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရ သည်ဟု ဆိုသည်။

“ကိုထင်ရှား ဆိုင်ကယ်ဆိုင်ပေါ်ကျတာ။ လူသေဆုံးမှုရှိတယ်။ အဆောက်အဦးတွေလည်း ပျက်စီးသွားတယ်။ သေဆုံးသူ အမျိုးသားက ခေါင်းပြတ်သွားတယ်။ ဦးခေါင်းကို ရှာမရသေး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။ 

စစ်ကောင်စီတပ်သည် ကျောက်မဲမြို့တွင်းရှိ ညစျေးတန်းနှင့် ခရိုင်ရုံးတို့ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်သွားသည်ဟုလည်း TNLA ဘက်က ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့လည်း အတိတကျတော့ မသိရသေးဘူး။ စုံစမ်းနေဆဲပါ။”ဟု TNLA ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။

ကျောက်မဲမြို့လယ်ခေါင်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဖုန်းလိုင်းများ ယာယီပြတ် တောက်သွားသည်ဟု သိရသည်။

ဇန်နနဝါရီလ(၂၅)ရက်နေ့ကလည်း စစ်ကောင်စီသည် ကျောက်မဲပြည်သူ့ဆေးရုံကို တိုက်လေယာဉ်ဖြင့် ဗုံး(၄)လုံးကြဲချတိုက်ခိုက်ရာ ဆေးရုံပျက်စီးပြီး လူနာများကို ဆေးကုသပေးနေသည့် CDM ဆရာမတစ် ဦးနှင့် လူနာတစ်ဦး တို့သေဆုံးပြီး ကျန်းမာရေးဝန်ထမ်းများ၊ CDM ဝန်ထမ်းများအပါ အရပ်သား(၂၀)ဦးကျော် ဒဏ်ရာရသည်။

ဇန်နဝါရီလ(၂၂)ရက်နေ့ကလည်း နောင်ချိုမြို့ရှိ ပါရမီ(၂)လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့် မိသားစုဝင်တချို့အပါအဝင် (၈)ဦးသေဆုံးပြီး ဇန်နဝါရီလ(၂၁)ရက်နေ့တွင် နောင်ချို့မြို့ အထွေထွေအုပ်ချုပ်ရေးရုံးအနီးနှင့် စည်ပင်သာယာရုံးတို့ကို လေကြောင်းမှ ဗုံးကြဲချ၍ အရပ်သားတစ်ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရခဲ့သည်။

ပြီးခဲ့သည့်နှစ် အတွင်း ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)နှင့် အပိုင်း(၂)အတွင်း မဟာမိတ်တော်လှန်ရေးအဖွဲ့မှ နယ်မြေအများအပြားကို သိမ်းယူနိုင်ခဲ့ပြီး မဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် PSLF/TNLA က နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါ စုစုပေါင်း မြို့နယ်(၁၂)ကို သိမ်းယူကာ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ယူထားခြင်းဖြစ်သည်။